ဝန်ဆောင်ခကြိုယူပြီး ပြည်ပမပို့ပေးနိုင်တဲ့အေဂျင်စီနှစ်ခု လိုင်စင်ရာသက်ပန်ပိတ်သိမ်းခံရ

ဇူလိုင်၊ ၁၅

အလုပ်သမားတွေဆီက ဝန်ဆောင်ခငွေကြိုတင်ရယူပြီး ပြည်ပမှာအလုပ်လုပ်ဖို့ မစီစဉ်ပေးနိုင်တကြောင့်ပြဿနာဖြစ်နေတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီနှစ်ခုကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရာသက်ပန်ပိတ်သိမ်းလိုက်ပါတယ်။

Myint Mo Phue Pwint အေဂျင်စီနဲ့ Lu Kyaw အေ ဂျင်စီတို့ကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကအကျိုးဆောင်လိုင်စင်တွေ ရာသက်ပန်ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

Myint Mo Phue Pwint အေဂျင်စီဟာ အလုပ်သမား ၁၆ဦးရဲ့တိုင်ကြားချက်အရစစ်ဆေးခံရပြီးတဲ့နောက်လိုင်စင်ပိတ်သိမ်းခံရသလို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၇နဲ့ ပုဒ်မ ၂၉တို့နဲ့လည်းအမှုဖွင့်အရေးယူထားတယ်လို့ အဲဒီဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

“တိုင်ကြားမှုတွေများတာရယ်၊စစ်ဆေးချက်အရ အ လုပ်သမားတွေရဲ့ငွေတွေမတရားရယူတာပေါ် ပေါက်တာတွေကြောင့် အရေးယူခံရတာ”လို့ အလုပ် သမားဝန်ကြီးဌာနသတင်းအရင်းအမြစ်တဦးကပြောပါတယ်။

အဲဒီအေဂျင်စီနှစ်ခုဟာ ထိုင်း၊မလေးရှားနဲ့ဂျပန်နိုင်ငံတို့ကိုအဓိကစေလွှတ်နေတာဖြစ်ပြီး အလုပ်သမားတွေဆီကကြိုတင်ငွေယူထားပြီး နှစ်နဲ့ချီ အလုပ်လုပ်ကိုင်ဖို့မလွှတ်ပေးနိုင်တာကြောင့် ပြဿနာရှိနေတာလို့ ကာယကံရှင်လုပ်သားတချို့ကဆိုပါတယ်။

“ကိုယ်တွေကအပြင်ကနေအတိုးနဲ့ပိုက်ဆံချေးပြီးသွင်းထားရတာ၊နှစ်နှစ်လောက်ရှိပြီမသွားရဘဲအတိုးထိုင်ဆပ်နေရတယ်၊တယောက်နဲ့တယောက်တော့ပေးသွင်းထားရတဲ့ပမာဏမတူဘူး၊အခုလည်းသွင်းထားတဲ့ငွေဘယ်လိုပြန်ထုတ်ပေးမလဲမသိရသေးဘူး”လို့ လူကျော် အေဂျင်စီနဲ့ချိတ်ဆက်ပြီးပြည်ပသွားရောက်လုပ်ကိုင်ဖို့စောင့်ဆိုင်းနေသူတဦးကပြောပါတယ်။

အခုအေဂျင်စီ နှစ်ခုအပါအဝင် လက်ရှိအချိန်အထိ အကျိုးဆောင်လိုင်စင်ရာသက်ပန်ပိတ်သိမ်းခံရတဲ့ အေဂျင်စီ ၂၄ခုရှိပြီဖြစ်ကာ အာဏာသိမ်းကာလအတွင်း အရေးယူခံရတဲ့ အေဂျင်စီ လေးခု ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

လက်ရှိမှာ ပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်အ ကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၄၅၅ ခုအထိရှိလာပြီး အာဏာသိမ်းကာလအတွင်း အေဂျင် စီ ၁၅၀နီးပါးအထိတိုးလာတယ်လို့အလုပ်သမားဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရသိရပါတယ်။

အာဏာသိမ်းကာလမှာ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုနဲ့လုပ်ခနည်းပါးတာတွေကြောင့် ပြည်ပကိုသွားရောက်လုပ်ကိုင်လိုသူတွေများလာသလို အေဂျင်စီဖွင့်လှစ်လုပ်ကိုင်သူတွေလည်း တိုးလာတာဖြစ်တယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကဆိုပါတယ်။

အဲဒီလို ပြည်ပသွားရောက်လိုသူနဲ့ အေဂျင်စီဖွင့်လှစ်တာများလာပေမယ့် ပြည်ပနိုင်ငံတွေကအလုပ်သ မားခေါ်ယူမူကတော့ သိသိသာသာတိုးလာတာမရှိဘူးလို့လည်းသူတို့က​ဆိုပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့အချက်အလက်တွေအရအာဏာသိမ်းကာလအတွင်းမှာ ပြည်ပကိုတရားဝင်သွားရောက်လုပ်ကိုင်သူ နှစ်သိန်းကျော်ရှိပြီးအများစုက ထိုင်း၊မလေးရှား၊ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေဆီသွားရောက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ပြည်ပသွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားတချို့..။