Golden Retrieverတွေ ရာနဲ့ချီ စုဝေးခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနား

ဇူလိုင်၊ ၁၅

Golden Retriever ခွေးလေးတွေကို စတင်ပေါ်ပေါက်လာတဲ့ ၁၅၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တခုကို စကော့တလန်မှာ ကျင်းပခဲ့ရာမှာ ရာနဲ့ချီ များပြားတဲ့ ခွေးလေးတွေနဲ့ သူတို့ရဲ့ ပိုင်ရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

 ၄ ရက်ကြာမြင့်လေ့ရှိတဲ့ အခမ်းအနားကို Golden Retrieverတွေရဲ့ မူလရင်းမြစ် ဇာတိဖြစ်တဲ့ စကော့တလန်မှာ ၅ နှစ်တကြိမ် ကျင်းပလေ့ ရှိပါတယ်။ အခုနှစ် အခမ်းအနားကိုလည်း ထုံးစံအတိုင်း ဒေသခံ Golden Retriever Club of Scotlandကပဲ ဦးစီးပြီး ဂူဆာချန် အိမ်တော် အပျက်အစီးတွေ နေရာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အိမ်ကြီးမှာ ပထမဆုံး Golden Retrieverတွေကို စတင် သားဖောက်ခဲ့ပြီး အခုအခါမှာတော့ ကမ္ဘာပေါ်မှာ လူသိအများဆုံး အိမ်မွေးခွေး မျိုးစိတ်တခု ဖြစ်လာခဲ့ပါပြီ။

 အခမ်းအနား ၄ ရက်တာအတွင်း ရာနဲ့ချီတဲ့ Golden Retrieverတွေကို လေ့ကျင့်ပေးတာတွေ၊ စွမ်းရည်ပြမှုတွေ၊ ပျော်ပွဲစား ပေးထွက်တာမျိုးတွေ စီစဉ်ပေးထားပါတယ်။ အခမ်းအနားကို အမေရိကန်၊ နယူးဇီလန်၊ ဂျာမနီ၊ နယ်သာလန်၊ ရိုမေးနီးယား၊ အီတလီ၊ ဂျပန်စတဲ့ နိုင်ငံပေါင်း တဒါဇင်ကျော်မှာ ရှိနေတဲ့ Golden Retrieverပေါင်း ၄၆၆ ကောင် ပါဝင် ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

 Golden Retrieverတွေ အများကြီး တနေရာတည်းမှာ စုဝေးပြီး ဆော့ကစားနေကြတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဟာ ခွေးချစ်သူတွေကြားမှာ လူမှုကွန်ရက် မီဒီယာတွေကနေတဆင့် ပျံ့နှံ့သွားခဲ့ပါတယ်။

 Golden Retrieverတွေဟာ အိမ်မွေးခွေး မျိုးစိတ်တွေထဲမှာ ဉာဏ်ရည်အမြင့်ဆုံး၊ အယဉ်ပါးဆုံးတွေထဲက တမျိုးအဖြစ် သတ်မှတ် ခံထားရပါတယ်။ မူလတုန်းက အဲဒီ ခွေးတွေကို လမ်းလျှောက်သူတွေအတွက် အဖော်ရဖို့ ရည်ရွယ်ပြီး မျိုးစပ် သားဖောက်ခဲ့တာပါ။ ဒါကြောင့်လည်း Golden Retrieverတွေဟာ မမောတမ်း လမ်းလျှောက်နိုင်တဲ့ သက်လုံ၊ ခွန်အားမျိုး ပိုင်ဆိုင်ပြီး လေ့ကျင့်ပေးတဲ့ အခါမှာလည်း အရမ်း အတတ်လွယ်ပါတယ်။  

 နောက်ပိုင်းမှာတော့ Golden Retrieverတွေဟာ ခန္ဓာကိုယ် တည်ဆောက်ပုံ ပိုမို ကြီးမားခန့်ထည်ပြီး အမွေးအရမ်းထူတဲ့ ပုံစံနဲ့ ပေါ့ပါးကျစ်လစ်ပြီး လမ်းလျှောက်အဖော် ခွေးအဖြစ် ပိုမို အဆင်ပြေတဲ့ ပုံစံတွေ ကွဲထွက်လာခဲ့ပါတယ်။