ဇူလိုင်၊ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျေးရွာတရွာက စိုက်ပျိုးရေးလုပ်ငန်း မန်နေဂျာတဦး အပါအဝင် ရွှေတွင်းအလုပ်သမား ၁၆ ဦးကို စစ်ကောင်စီ တပ်ဖွဲ့တွေက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ဝင်ဖမ်းတာ၊ အဲနားမှာ ရွှေတွင်းတူးဖော်တဲ့ နေရာတွေဆိုတော့ အလုပ်သမားတွေရော၊ အဲဒီအနားမှာ ရှိတဲ့ ပန်းစိုက်ပျိုးရေးလုပ်ငန်းရှိတဲ့ အဲဒီကုမ္ပဏီက မန်နေဂျာတဦးရော ဖမ်းလိုက်တာ။ ပြီးတော့ ရွှေတွင်းအလုပ်သားတွေရောပေါ့နော်၊ စစ်တပ်က ဝင်လာတာလေ၊ ဘာဖြစ်လို့ ဖမ်းလဲဆိုတာ မသိရဘူး ဖြစ်နေတာ၊ သက်သက်ကိုပဲ ဖမ်းသွားတာပဲ ဖြစ်နိုင်တယ် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီးအုန်းခြံ နောက်ကျောမှာရှိတဲ့ ဦးအောင်အောင် လုပ်ကိုင်နေတဲ့ ရွှေတွင်းလုပ်ကွက်ကို ဇူလိုင်လ ၁၃ ရက်မနေ့က ညနေ ၄ နာရီခွဲခန့် အင်အား ငါးဆယ် ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ပြီး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုဝင်ရောက်လာပြီးနောက် ရွှေလုပ်ကွက်အတွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ပန်းသီရိ စိုက်ပျိုးရေးကုမ္ပဏီ မန်နေဂျာ ဦးမျိုးမြင့်ကျော် အပါအဝင် ရွှေတွင်းလုပ်သားစုစုပေါင်း (၁၆)ဦးကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“ သူတို့ဝင်လာကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ပြီးမှ ဝင်လာတာ၊ အဲ့ထဲရောက်လည်း ပစ်တာပဲ၊ ဆီးအုန်းခြံက အစိုးရမြေပဲ အဲဒီအနောက်ဘက်မှာမှ အဲဒီတလျှောက်က (ကရင်အမျိုးသားအစည်းအရုံး) KNU နယ်မြေထဲလည်း ဖြစ်နေတော့လေ ပစ်တာလို့ ထင်တယ်၊ အခု ဖမ်းသွားတဲ့ အလုပ်သမားတွေကလည်း ဒီရွာခံတွေပဲ မဟုတ်ဘူး၊ တခြားဒေသက လူတွေလည်း ပါတယ်၊ နယ်စုံပဲ။ ဘက်ဟိုးမောင်းတဲ့သူတွေကအစ ခေါ်သွားတာ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်အပါအဝင် သထုံခရိုင် အတွင်းမှာ တရားမဝင် တူးဖော်နေတဲ့ ရွှေလုပ်ကွက်ပေါင်း ငါးဆယ် ထက်မနည်းရှိပြီး အဲဒီလုပ်ကွက်အများစုက ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ရွှေတွင်းအလုပ်သမားတွေ နေထိုင်တဲ့ ယာယီတဲ တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားတဲ့အပြင် မြေတူးစက် ဘက်ဟိုးသုံးစီးနဲ့ ရွှေမျှောစက်တလုံးကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့သူတွေကို ဘယ်ကို ခေါ်ဆောင်သွားပြီး မည်သည့်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတာကိုလည်း မသိရသေးသလို ဖမ်းဆီးခံရတဲ့သူတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။
“ အကိုတို့ စုံစမ်းကြည့်သလောက်တော့ ဘယ်ကို ဖမ်းသွားတာတော့ မသိသေးဘူးနော်။ ဖမ်းသွားတဲ့ ဖြစ်စဉ်တွေကအစ မှန်ပါတယ်။ အဆက်အသွယ်မရသေးဘူး ”လို့ သထုံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ခေါင်းဆောင် ကိုအေးမင်းထွန်း က ပြောပါတယ်။
လက်ရှိ ဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး ပြန်လွှတ်ပေးဖို့ ရှိ၊ မရှိကိုလည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ဘာမှ ပြောဆိုတာမျိုးတွေ မရှိသေးဘူးလို့ ကျိုက်ထို မြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
” ရွှေတွင်း လုပ်ကွက်ကို ဝင်ဖမ်းတာပါ၊ တခြားကိစ္စတွေတော့ မပါဘူး၊ အဲဒီဘက်မှာ တော်တော်လေး လုပ်နေကြလို့ တိုင်တဲ့လူတွေရှိလို့ ဝင်ဖမ်းသွားတာလို့ သိရတယ်။ ကျိုက်ထိုစခန်းမှာပဲ ကျွန်တော်သိထား သလောက်ဆို ” လို့ သူက ပြောပါတယ်။
ဓာတ်ပုံ – Social Media