အမရပူရက မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ

ဇူလိုင်၊ ၁၄
 
မန္တလေးတိုင်း၊ အမရပူရမြို့နယ်က မောင်ဒိန်းရွှေဆိုင် မနေ့က ဓားပြတိုက်ခံရလို့ သိန်းတထောင့်လေးရာကျော် တန်ဖိုးရှိ ရွှေထည်တွေ ဆုံးရှုံးသွားတယ်လို့ အဲဒီရွှေဆိုင်နဲ့ နီးစပ်တဲ့ အမရပူရမြို့ခံတွေက ပြောပါတယ်။
 
ရန်ကုန်-မန္တလေး လမ်းဟောင်း၊ စာတိုးမြို့ပြင်ကြီး ကျေးရွာအုပ်စု၊ စက်ကွေ့ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မောင်ဒိန်း ရွှေဆိုင်ကို မနေ့က နေ့လယ်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်တစုက ဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
 
” ကားနဲ့ လာတာ၊ မျက်နှာမှာ နှာခေါင်းအုပ်တွေ တပ်ထားတယ်၊ လူလတ်ပိုင်း အမျိုးသား လေးယောက် သေနတ်ကိုယ်စီ ကိုင်ထားကြတာ၊ သုံးယောက်က ပစ္စတိုတွေနဲ့ တယောက်က သေနတ် အရှည်ကိုင်ထားတယ်၊ ဆိုင်ဝင်ဝင်ချင်းကို သေနတ်ပစ်ဖောက်ပြီး ဝင်တာ၊ လူစည်ကားတဲ့နေရာ ဆိုပေမယ့် သေနတ်တွေနဲ့ဆိုတော့ ဘယ်သူမှ အနားမကပ်ရဲဘူး၊ မှန်ဘောင်ထဲက ရွှေထည်ပစ္စည်းတွေ အကုန်ယူသွားတယ် ” လို့ ဖြစ်စဉ်ကိုသိတဲ့ အမရပူရမြို့ခံတဦးက DNA ကို‌ပြောပါတယ်။
 
သေနတ်ပစ်ဖောက် ဓားပြတိုက်မှု ဖြစ်ခဲ့ပေမယ့် အဲဒီဖြစ်စဉ်မှာ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဓားပြတိုက်သူတွေဟာ ဟိုင်းလတ်ရိန်းဂျားကားနဲ့ ရောက်လာကြတာဖြစ်ပြီး ဓားပြတိုက်မှုဟာ မိနစ်နှစ်ဆယ်ဝန်းကျင် ကြာခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဓားပြတိုက်သူတွေဟာ သူတို့မောင်းနှင်လာတဲ့ ကားနံပါတ်ပြားကို စတေကာနဲ့ အုပ်ထားတယ်လို့လည်း မျက်မြင်ဒေသခံတဦးက ဆိုပါတယ်။
အဲ့ဒီဓားပြတိုက်မှုဖြစ်စဉ်ကြောင့် မောင်ဒိန်းရွှေဆိုင်အတွင်း ခင်းကျင်းပြသရောင်းချထားတဲ့ ရွှေဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ ဟန်းချိန်း စတဲ့ ရွှေထည် စုစုပေါင်း ၅၃ ကျပ်သား တန်ဘိုးငွေ သိန်း ၁၄၀၀၀ ကျော်ဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ ရွှေဆိုင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ယခုနှစ် မတ်လ ၂၁ ရက်နေ့ကလည်း အမရပူရမြို့နယ်ထဲက နေအိမ်တလုံးမှာ အမည်မသိလက်နက်ကိုင် လူတစုမှ ဓားပြတိုက်ခဲ့လို့ ငွေကျပ် သိန်း ခုနှစ်ရာနီးပါး ဆုံးရှုံးခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ဓားထောက် လုယက်မှု၊ ခိုးမှု၊ ဖောက်ထွင်းမှု စတဲ့ မှုခင်းဖြစ်စဉ်တွေ ပိုတိုးလာသလို ဓားပြတိုက်မှုတွေလည်း ဆက်တိုက်ဖြစ်နေပါတယ်။ အဲဒီအထဲက ဖြစ်စဉ်တချို့ရဲ့ ကျူးလွန်သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ကြေညာပေမယ့် အများစုကိုတော့ ဖမ်းမိတာမျိုးမရှိပါဘူး။
 
ဓာတ်ပုံ – CJ