ဖယ်ခုံမြို့နယ်ထဲ တလကျော်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၉ ဦးသေဆုံး

ဇူလိုင်၊ ၁၄
 
ရှမ်း-ကရင်နီ (ကယား)ပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းက ခေါင်အိရွာ နဲ့ စက်တော်ရွာ တွေဘက်မှာ ဇွန်လအစကနေ အခုဇူလိုင်လ ၁၄ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၉ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က သတင်းထုတ်ပြန်ပါတယ်။
 
” ၁၉ ဦးကျတယ်ဆိုတာက ကျနော်တို့ အတိအကျပြောနိုင်တဲ့ စာရင်းတွေပါ၊ ကျသွားတာကို ကျနော်တို့ တပ်အပ်မြင်ရတဲ့ ဟာတွေပေါ့၊ နောက်ပြီး ကျသွားတဲ့သူတွေဆီကနေတောင် ကျနော်တို့ လက်နက်တွေ ယူလာသေးတာ” လို့ ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ရက်ပေါင်း လေးဆယ်ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၁၃ ကြိမ်မှာ စစ်ကောင်စီဘက်က အခုလို ကျဆုံးခဲ့တာဖြစ်ပြီး သေနတ် နှစ်လက်၊ တင့်ဖျက်မိုင်း တလုံးနဲ့ ဗုံးသီး တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ပွဲတွေအတွင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဦး ကျဆုံံးခဲ့ပြီး ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖွဲ့ဝင်သုံးဦးလည်း ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
 
အဲဒီ ခေါင်အိရွာနဲ့ စက်တော်ရွာတွေမှာတော့ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၄၈) နဲ့ ပျူစောထီး အင်အားတရာနီးပါး တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲဖြစ်တိုင်း ဖယ်ခုံအခြေစိုက် ခြေမြန်တပ်ရင်းတခုကနေလည်း ၁၂၀ မမ ဗုံးသီးတွေနဲ့ လက်နက်ကြီး ပစ်ကူပေးလေ့ရှိတယ်လို့ သူကပြောပါတယ်။
 
အဲဒီတိုက်ပွဲတွေမှာ ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရှမ်းတောင်ဒရုန်းတပ်ဖွဲ့၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ရှမ်းတောင်တပ်ပေါင်းစုက တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
 
လက်ရှိအခြေအနေမှာလည်း အဲဒီဒေသတွေနဲ့ အနီးတဝိုက်မှာ နှစ်ဘက်တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲ့ အနေအထားရှိနေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပြောကြားပါတယ်။
 
” တိုက်ပွဲကတော့ အခုချက်ချင်းလည်း ထဖြစ်နိုင်တယ်၊ သူ့ဘက် ကိုယ့်ဘက် တပ်ဆိုင်ထားတဲ့ အနေအထားမှာ ရှိတယ် ” လို့ KRU တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ရှမ်း-ကရင်နီ နယ်စပ်ဒေသတွေအပါအဝင် ကရင်နီပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကစလို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး အရင်က စစ်တပ်နဲ့ အပစ်ရပ်စဲကာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ကလည်း စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပါတယ်။
 
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေပြင်းထန်လာတဲ့ ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေ၊ လူနေကျေးရွာတွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲတာတွေလုပ်လာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်ကပဲ ကလေးငယ်တဦးနဲ့ လူလတ်ပိုင်းအမျိုးသားတဦး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – KRU