မန္တလေး-မြစ်ကြီးနား မီးရထားလမ်းကို စစ်ကောင်စီရဲ့ ထောက်ပို့အဖြစ် သုံးလာနိုင်မလား

ဇူလိုင်၊ ၁၃
 
မဲစာရင်း အကြောင်းပြပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော် ပိတ်ထားတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို စစ်ကောင်စီက ထောက်ပို့လမ်းကြောင်း အတွက် ရထားပြန်လည်ပြေးဆွဲဖို့ ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ စိုးမိုးထားတဲ့ မန္တလေး-ရွှေဘို- မြစ်ကြီးနား ကားလမ်းတလျှောက် စစ်ယာဉ်တန်း နဲ့ ရိက္ခာ၊ လက်နက် ပို့ဆောင်ဖို့ ခက်ခဲလာတာ၊ လေယာဉ်နဲ့ ထောက်ပို့လုပ်တာကလည်း ကုန်ကျစရိတ် များတဲ့အတွက် ကုန်ကျစရိတ်နည်းတဲ့ ရထားလမ်းကို အသုံးပြုဖို့ စစ်ကောင်စီက လုပ်ဆောင်လာတာလို့ သုံးသပ်နေကြတာပါ။
 
” သူတို့ကတော့ စစ်ပွဲကာလမှာ အဲ့ဒါကို ပြေးဆွဲမယ်ဆိုလို့ရှိရင် ဒါ တိုက်ရိုက်သက်ဆိုင်နေတာပေါ့၊ စစ်ပွဲအတွက် စစ်လက်နက်ပစ္စည်း နဲ့ တခြားထောက်ပံ့ဖို့အတွက်ကို အဓိက သုံးမှာပေါ့။ တကယ်လုံခြုံစိတ်ချရတယ်ဆိုမှ ခရီးသည်တင်ယာဉ််််််််််ဆွဲမယ်ထင်တယ် ” လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ပြောပါတယ်။
 
စစ်တပ်က အာဏာာသိမ်းတာကို လက်မခံဘဲ လုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့တဲ့ သိန်းနဲ့ချီတဲ့ ဝန်ထမ်းတွေထဲမှာ မြန်မာ့မီးရထားလုပ်ငန်းက ဝန်ထမ်း အများအပြားပါဝင်တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်-မန္တလေး အဝေးပြေးရထားလမ်းကြောင်း အပါအဝင် မီးရထားခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရတာပါ။
 
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာမှာတော့ ရန်ကုန်-မန္တလေး ရထားလမ်း ကို ပြန်လည်ပြေးဆွဲနေသလို စစ်ရေးအရ အရေးပါတဲ့ မန္တလေး-ရွှေဘို-မြစ်ကြီနား ရထားလမ်း ကို ပြန်လည်ပြေးဆွဲနိုင်ဖို့ကြိုးစားလာတာလည်း ဖြစ်ပါတယ်။
 
မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း ဟာ အရှည် ၃၆၀ မိုင်နီးပါး ရှိသလို ရထားလမ်းဖြတ်သွားတဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီကို အင်အားကောင်းကောင်းနဲ့ တော်လှန်နေတဲ့ ဒေသတခုဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA )အခြေစိုက်ရာ ကချင်ပြည်နယ်၊ မြစ်ကြီးနား အထိ စျေးသက်သက်သာသာနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ဆောင်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။
 
ဒါ့အပြင် မကြာသေးခင်က KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့နဲ့ ၁၂ မိုင်ခန့်အကွာက နန်ဆယ်ယန်ကျေးရွာ မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ စစ်ရေးတင်းမာမှုတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။
 
အဲဒီမီးရထားလမ်းဟာ မြန်မာပြည်အလယ်ပိုင်းကနေ အထက်ပိုင်းကိုသွားတဲ့ ဗျူဟာကျတဲ့ ရထားလမ်း ဖြစ်တာကြောင့် စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ လမ်းကြောင်း လို့လည်း စစ်ကိုင်းမြို့နယ် ဒေသခံတဦးက ဆိုပါတယ်။
 
“ အရေးပါတာပေါ့ဗျာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ကုန်ကျစရိတ်နည်းတဲ့ ထောက်ပို့စနစ်ကို ပြန်အသက်သွင်း လိုက်တာ။ ဗမာပြည် အလယ်ပိုင်းကနေ အထက်ပိုင်းကို သွားတဲ့ ဗျူဟာကျတဲ့ ရထားလမ်းပဲလေ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ဒါကြောင့်စစ်ကောင်စီတပ်တွေဟာ ရထားလမ်းပိုင်းတလျှောက်က မြို့နယ်အချို့မှာ စစ်ဆင်ရေး သဘောမျိုး လုပ်ဆောင်နေတာတွေ ရှိသလို ဒီရက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ရထားလမ်းတလျှောက် စစ်ကြောင်းထိုး တာတွေ ရှိတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။
 
” ကျွန်တော်တို့ အားလုံး ခန့်မှန်းထားတာပေါ့။ အခုလို သံလမ်းဘေးက ရွာတွေကို စစ်ကြောင်းထိုးတာက ရထားသံလမ်းနဲ့ ပတ်သက်မှု ရှိတယ်။ သူတို့က သံလမ်းတွေလည်း ထပ်တိုးတာကိုးဗျ။ ဖြစ်နိုင်ချေရှိတယ်။ သူတို့က ပဒူရွာ ကိုလည်း တပ်စွဲလိုက်တယ်။ အထိုင်ရဲစခန်း အပြင်ကို စစ်အင်အား ထပ်တိုးထားတယ် သူတို့မှာ ရိက္ခာပြတ်လပ်နေတာလည်း ရှိတယ်။ ဝက်လက်နဲ့ ဒီဖက်ခြမ်းတွေကို ရိက္ခာသွားသယ်ချင်လို့ ရထားလမ်း အသုံးပြုတာလို့ ထင်တယ်။ တခြားမြို့တွေကြားထားတာ မရှိသေးဘူး။ စောင့်ကြည့်နေတုန်းပါ ” လို့ Wetlet Information Network က ကိုနဂါးလေးက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၂ ရက်က ဝက်လက်မြို့တောင်ပိုင်းက မီးရထားလမ်းတလျှောက်ကို စစ်ကြောင်းထိုးနေပြီး ဒေသခံတစ်ဦးကို သတ်ဖြတ်သွားခဲ့သလို ဒီနေ့မနက်မှာ သုံးဆင့်ကန်ရွာကို မီးရှို့နေတာကြောင့် အနီးအနားကျေးရွာရှိ ဒေသခံ ငါးရာကျော် စစ်ရှောင်နေရတယ်လို့လည်း သိရပါတယ်။
 
ယခုလို မီးရထားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေတာဟာ မန်းလေး-မြစ်ကြီးနား ရထားလမ်းကို ပြန်လည်အသုံးပြုနိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်ပြီး ဆက်လက်လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောထားပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီက စစ်ကိုင်းမြို့က ရွာထောင်ဘူတာ ရထားလမ်းဘေး တွေကို သန့်ရှင်းရေး လုပ်ဖို့ အရပ်သားတွေကို အခကြေးငွေပေးပြီး စေခိုင်းနေတယ်လို့လည်း စစ်ကိုင်းမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ ကျွန်တော်တို့ စစ်ကိုင်းမြို့ထဲက ရွာထောင်ပေါ့။ ရွာထောင်မှာ မီးရထားရုံး ရှိတယ်ဗျ။ ဒီ အလုပ်သမားပေါ့ဗျနော် ပြည်သူတွေကို တယောက်ကို တသောင်းခွဲနှုန်းနဲ့တဲ့ အဲ့မှာ အလုပ်သမားတွေ စုပြီး ရထားသံလမ်းကို ပြင်နေတယ်လို့ ကျွန်တော်တို့ သိရတယ် “ လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကိုင်းမြို့က ရွာထောင်ဘူတာဟာ ရထားစက်ခေါင်းစက်ရုံနဲ့ အင်/ယာ ပြင်ထိန်းဌာနတွေ ရှိပြီး ရွာထောင်နယ်မြေရဲစခန်း ၊ ဘူတာရဲစခန်း အပြင်တပ်မ ၃၃ နဲ့ ခမရ ၁၃ တည်ရှိနေတဲ့အတွက် စစ်ကောင်စီလှုပ်ရှားမှု အားကောင်းတဲ့နယ်မြေလို့လည်း သိရပါတယ်။
 
ရွာထောင်ကနေ ရွှေဘိုအထိ မီးရထားပြေးဆွဲမယ်ဆိုရင် ရွာထောင်၊ စာရေး၊ ပဒူ၊ ခက်ခ၊ ဝက်လက်၊ ချက်ကြီး၊ ပေါက်ကံ၊ သုံးဆင့်ကံ၊ ရေသောက်ကန်၊ ကူးကောင်း၊ သာလိုင်း၊ ရုံးသာ၊ မုံဆိုးခြုံ၊ ရွှေဘို စတဲ့ ဘူတာတွေကို ဖြတ်ရမှာလို့ ဆိုပါတယ်။
 
စစ်ကောင်စီဟာ မန္တလေး-မြစ်ကြီးနား ကားလမ်း ကိုတောင် သေသေချာချာမထိန်းချုပ်နိုင်ဘဲ ရထားလမ်းကို သုံးမယ်ဆိုရင် ရထားလမ်း မိုင်းထောင်တာတွေ၊ တံတားချိုးတာတွေ ပေါ်လာနိုင်ပြီး ရထားလမ်း လုံခြုံရေးအတွက်ပါ ဝန်ထုပ်ဝန်ပိုဖြစ်လာမယ်လို့ သုံးသပ်ကြပါတယ်။
 
” ကားလမ်းတွေမှာတောင် ဂိတ်တွေအများကြီး အဲ့ဒီမှာ စစ်သားနဲ့ ရဲဂိတ်တွေ ရှိသလို တော်လှန်ရေး ဂိတ်တွေ ရှိတယ်။ ဆိုလိုချင်တာက ကားလမ်းကိုတောင် သေချာမထိန်းချုပ်နိုင်သေးဘဲ ရထားလမ်းကို သုံးမယ်ဆိုရင် မိုင်းကပ်ပြီး ခွဲလာနိုင်တာတွေ ရှိလာနိုင်တယ် ” လို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက ပြောပါတယ်။
 
အလားတူပဲ စစ်ကောင်စီရဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို အသုံးပြုပြီး စစ်ရေးအရ လက်နက်၊ စစ်ကူနဲ့ ရိက္ခာထောက်ပံ့ရေးတွေ လုပ်ဆောင်လာမယ်ဆိုရင် ခုခံမှု နည်းပါးတဲ့ စစ်ကိုင်းနဲ့ ရွှေဘိုကြားလမ်းကို ပြင်ဆင်သွားလာနိုင်ပေမယ့် ရွှေဘို-မြစ်ကြီးနားလမ်း ကတော့ မလွယ်ဘူးလို့ စစ်ကိုင်းဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
 
“ သူတို့လုပ်ငန်းက အောင်မြင်မှာ မဟုတ်ဘူးဗျ။ သူတို့ပြင်လည်း ပြင်ရုံပဲရှိမှာ။ သူတို့ ပြေးဆွဲလေ ကျွန်တော်တို့က ကြိုက်လေပဲ လုပ်ငန်းလုပ်ရတာ ပိုလွယ်တာပေါ့ “ လို့ ကိုနဂါးလေးက ဆိုပါတယ်။
 
ဓာတ်ပုံ​ – Google