ဒေါ်အောင်ဆန်းစုကြည်နဲ့ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ ဆွေးနွေးချက်တွေကို မသိရကြောင်း စစ်ကောင်စီပြော

ဇူလိုင် ၊ ၁၃ 

စစ်အုပ်စုကဖမ်းဆီးအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ဟာ သီးသန့်တွေ့ဆုံခဲ့ကြတယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောလာပေမယ့် ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုတော့မသိဘူးလို့ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့နေပြည်တော်ခ ရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေး နွေးခဲ့တယ်လို့ မနေ့ကထုတ်ပြောပြီးနောက် ဒါဟာဖြစ်နိုင်တဲ့အခြေအနေရှိ၊မရှိ အငြင်းပွား မှု တွေရှိနေချိန်မှာ စစ်ကောင်စီက စစ်တပ်ပိုင် မြဝ တီရုပ်သံကနေ အခုလိုထုတ်ပြောလာ တာ ဖြစ်ပါ တယ်။

“တွေ့ဆုံချိန်က တနာရီခွဲနီးပါးလောက် တော့ကြာမြင့်တယ်၊တယောက်ချင်းလွတ်လွတ်လပ်လပ်တွေ့ဆုံတယ်၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့သူဆွေးနွေးချင်တာကို လွတ်လွတ်လပ်လပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်၊တယောက်ချင်းတွေ့တာဖြစ်တဲ့အတွက် ဆွေး နွေးချက်တွေကို အသေးစိပ်မသိရှိပါဘူး “ လို့ စစ်ကောင်စီပြောခွင့်ရက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်နိုင်ငံခြား ရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်းဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီရက်ပိုင်းအလိုမှာ နေပြည်တော်ကို တိတ်တဆိတ်လာရောက်ခဲ့ပြီး ဒီခရီးစဥ်ကို နှစ်နိုင်ငံတာဝန်ရှိသူတွေကလျှို့ဝှက်ထားခဲ့ပါတယ်။

အဲ့ဒီနောက်မနေ့က အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ ဒွန်က သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့နေ ပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းအသိပေးခဲ့တာပါ။

ဒီ တွေ့ဆုံဆွေးနွေးမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က လက်ရှိပြဿနာတွေကို တွေဆုံဆွေးနွေးအဖြေရှာဖို့လိုလားကြောင်း ပြောခဲ့တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့ထုတ်ဖော်ပြောဆိုချက်ဟာ လိမ် လည်ဖန်တီးထားတဲ့သတင်းစကားလည်းဖြစ်နိုင်ကြောင်း ရှုမြင်သုံးသပ်မှုတွေရှိနေပြီး NUG အပါ အဝင် တော်လှန်ရေးအင်အားစုတွေကလည်း တဘက်တည်းက အခုလိုထုတ်ဖော်ပြောဆိုလာတဲ့ သတင်းစကားကို လက်မခံနိုင်ကြောင်း တုံ့ပြန်ထားပါတယ်။

သူကိုယ်တိုင်ရဲ့ ထုတ်ဖော်ပြောဆိုချက်နဲ့စစ်ကောင်စီရဲ့အတည်ပြုချက်တွေအရ ထိုင်းနိုင်ငံခြားရေးဝန် ကြီးဟာ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲ နီးပါးကာလအတွင်း အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတဲ့ ပထမဆုံးနိုင်ငံတကာသံတမန်တဦးဖြစ်လာပါတယ်။

ဒီ့မတိုင်မီက ကုလသမဂ္ဂရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ်၊အာဆီယံရဲ့မြန်မာ့အရေး အထူးကိုယ်စားလှယ်တွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့တောင်းဆိုတဲ့ နိုင်ငံတကာသံတမန်တွေအားလုံးကို စစ်ကောင်စီကအကြောင်းအမျိုးမျိုးပြတားဆီးခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့ကြောင်းထုတ်မပြောမီ ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ပြီး ဘန်ကောက်မှာ မြန်မာ့အရေးဆွေး နွေးပွဲတရပ် ဦးဆောင်လုပ်ခဲ့တာကြောင့်ဝေဖန်ခံခဲ့ရပါသေးတယ်။