နိုင်ကျဉ်းတွေကို ကူညီတယ်စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ထောင်ဝန်ထမ်းအချို့ ညှင်းပမ်းနှိပ်စက်ခံရ

ဇူလိုင်၊ ၁၂
 
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တချို့ကို ပြင်ပက လူတွေနဲ့ ဆက်သွယ်ရာမှာ ကူပေးတဲ့ စွပ်စွဲချက်နဲ့ ထောင်ပိုင်အပါအဝင် အကျဉ်းထောင်ဝန်ထမ်း ရှစ်ဦး ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အဲဒီထဲက တချို့က မတရားညှင်းပမ်းနှိပ်စက်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
 
“ ကျွန်တော်တို့ သိသလောက်ဆိုရင် အခုဖမ်းခံထားရတဲ့ ဝန်ထမ်းတွေက တဦးမှ မသေသေးဘူး၊ ညှင်းပမ်းနှိပ်စက်ခံရတာတော့ ရှိနေတယ်၊ ဟိုတနေ့ကတောင် ကိုမျိုးထိုက်က သေပြီဆို သတင်းထွက်သေးတာလေ၊ အဲဒါက ကျွန်တော်တို့ကြားတာ မသေသေးပါဘူး။ ဒါပေမယ့် အားလုံးကတော့ တော်တော်လေးကို ရိုက်ခံထိထားတာ။ ဆေးကုသခွင့်မရရင် အခန့်မသင့် လို့ လက်လွန်သွားရင်တော့ သေသွားနိုင်တယ်ပေါ့နော်၊ အဲဒီဝန်ထမ်းတွေထဲက လူတချို့ဆိုရင် ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ပြင်ပနဲ့ ဆက်သွယ်ဖို့အတွက် ထောင်ဝန်ထမ်းတွေက လက်ကိုင်ဖုန်းတွေကို ပေးကိုင်ခဲ့ရာကနေ အစပြုပြီး ထောင်ဝန်ထမ်းတွေကို စစ်ကောင်စီက စစ်ဆေးရာမှ ယခုလိုပြဿနာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
 
အဲနောက် ဇွန်လနောက်ဆုံးအပတ်မှာ ဒိုက်ဦး အကျဉ်းထောင်မှ အဆောင်မှူး ဗိုလ်လေးမျိုးထိုက် ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းအကြာမှာတော့ ထောင်ပိုင်ဖြစ်တဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း အပါအဝင် ထောင်ဝန်ထမ်း ခုနှစ်ဦး ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
“ အဓိက ပြဿနာက ဖုန်းပြဿနာက စတာ၊ ထောင်ထဲမှာ ဖုန်းတွေ အများကြီးတွေ့တာ၊ ဒီဖုန်းတွေက ထောင်ထဲရောက်နေတာက ခြောက်လပိုင်း အစပိုင်း လောက်ကတည်း၊ အဲဒါကို ဒီလလယ်လောက်မှာ စစ်တပ်ဘက်က သိသွားတော့ စစ်ဆေးတာတွေ လုပ်သေးတယ်၊ အဲဒီမှာ ဖုန်းကိုင်ထားတဲ့ အကျဉ်းသားတွေကို ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ နောက်ဆုံးဗျာ ဝန်ထမ်းကနေတဆင့် ရတာဆိုပြီး အဖြေထွက်လာတော့ အခုလို ထောင်ဝန်ထမ်းတွေ ဖမ်းခံရတာပဲ ” လို့ အဲဒီ အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
 
လက်ရှိ အကျဉ်းထောင်ဝန်ထမ်း ရှစ်ဦးကို ပဲခူးတိုင်း အတွင်းက စစ်ကြောရေး တခုမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး အဲဒီထဲက ဝန်ထမ်းတချို့က ညှင်းပမ်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ရှိနေတာကိုသာ အတည်ပြုနိုင်ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ အတည်ပြုပေးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
 
အဲဒီနောက် လက်ကိုင်ဖုန်းတွေ တွေ့ရှိတဲ့ စွပ်စွဲချက်နဲ့ ဒိုက်ဦးမြို့နယ် ကျိုက်စကော အကျဉ်းထောင်မှ အကျဉ်းသား ၃၇ ဦးကို သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွေ့ပေးမယ်ဆိုပြီး စစ်ကောင်စီက ဇွန်လ ၂၇ ရက် မနက် ၄ နာရီလောက်မှာ ခေါ်ဆောင်သွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အခြားတဦးက ပြောပါတယ်။
 
“ ဖုန်းတွေ့တဲ့ကိစ္စဆိုပြီး အဖေပြောပြသေးတယ်၊ အဲဒီ ၂၇ ရက်နေ့ မနက်မှာလေ သူတို့တွေ ထောင်ထဲက အကျဉ်းသားတွေ ခေါ်သွားတာ အဖေတောင်သိတယ်။ မနက်အစောကြီးပဲ၊ အခုထိတော့ အဲဒီတုန်းက ပြောတာတော့ သာယာဝတီထောင် ဘက်ကို ပြောင်းဖို့ ဆိုပြီး ပြောသွားတာ၊ လူဦးရေ ဘယ်လောက်လဲ ဆိုတာတော့ မမေးမိဘူး အရမ်းများတယ်တဲ့၊ အခုချိန်ထိ လည်း အဲဒီအကျဉ်းသားတွေက ပြန်မရောက်သေးဘူးတဲ့၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး၊ အဲဒီထဲက တချို့က အသတ်ခံရတယ်ဆိုပြီးတော့ အဖေသတင်းကြားတာ ရှိတယ်တဲ့ ” လို့ ပြောပါတယ်။
 
လက်ရှိ ဒိုက်ဦးအကျဉ်းထောင်ကနေ ခေါ်ဆောင်သွားတဲ့ အကျဉ်သား ၃၇ ဦးအနက် အဲဒီထဲက အကျဉ်းသားခုနှစ်ဦးက သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် ဦးသိုက်ထွန်းဦး က DNA ကို ဖြေဆိုထားပါတယ်။
 
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း AAPP ကတော့ အကျဉ်းသား ၃၇ ဦးအနက် နှစ်ဦးက သေဆုံး သွားတယ်လို့ ဇူလိုင်လ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။
အကျဉ်းသားသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိသေးသလို DNA အနေနဲ့လည်း သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေက အာဏာသိမ်းပြီးချိန် ကနေ ဇူလိုင်လ ၁၁ ရက်အထိနိုင်ငံတဝှမ်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉,၄၁၇ ဦးဖမ်းဆီးခံထားရပြီး အဲဒီ ထဲက ၆,၇၂၉ ဦးက ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ယခုချိန်ထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တရားမဲ့သတ်ဖြတ်ခံရတဲ့သူ စုစုပေါင်း (၃,၇၈၀)ဦးရှိပြီး အဲဒီထဲက အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းမှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှု တွေကြောင့် အသက်ဆုံးရှုံးသွားသူတွေနဲ့ စစ်ကြောရေးစခန်း တွေမှာ မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့သူတွေ စုစုပေါင်း (၁၅၀)ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media