ပုသိမ်မြို့က ရိုးရာလက်ယက္ကန်းစင်လုပ်ငန်း ကွယ်ပျောက်လုနီးဖြစ်နေ

ဇူလိုင်၊ ၁၂
 
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ မြန်မာ့ရိုးရာ လက်ယက္ကန်းစင်လုပ်ငန်းတွေဟာ လုပ်ကိုင်သူ လျော့နည်းလာတာကြောင့် တဖြေးဖြေးပျောက်ကွယ်လုနီးပါး ဖြစ်နေပြီလို့ မြို့ခံတွေက ဆိုကြပါတယ်။
ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ ယက္ကန်းကွက်သစ်မှာဆိုရင် လက်ယက္ကန်းစင်လုပ်ငန်း လုပ်ကိုင်သူတွေ အများဆုံး နေထိုင်ကြပြီး ၁၉၈၈ ခုနှစ်ကတည်းက လက်ယက္ကန်းလုပ်ငန်းကို စတင်လုပ်ကိုင်ကြတာဖြစ်ပြီး အဲဒီနေရာမှာ လက်ယက္ကန်းစင်လုပ်ကိုင်သူတွေ လျော့နည်းလာတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
အရင်က ယက္ကန်းကွက်သစ် တရပ်ကွက်တည်းမှာ အလုပ်ရုံ (လက်ယက္ကန်းစင်ရုံ) ၅၀ ကျော် ရှိခဲ့ပြီး ဇေယျဝတီ၊ အောင်ချမ်းသာ၊ ငဝန်းကျွန်းသာ၊ နှစ်ထောင်တန်၊‌ ဝေဠုဝန်၊ မြို့ပါတ်လမ်း၊ အိုးဘိုတန်းလမ်း၊ မင်းရပ်တန်းလမ်း နဲ့ ကရင်အမျိုးသမီးကုန်း တို့က အလုပ်ရုံတွေအပါအဝင် ၁၅၀ ဝန်းကျင် ရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
အခုနှစ်ထဲမှာတော့ လက်ယက္ကန်းရုံ အလုပ်ရုံ ၂ ရုံနဲ့ လက်ယက္ကန်းစင် ၁၀ ခုလောက်သာ ရှိတော့တယ်လို့ လက်ယက္ကန်းစင်လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
“ လက်ရှိအလုပ်ရုံ ၂ ရုံ ကလည်း ကရင် နဲ့ ကယား တိုင်းရင်းသား ပုဆိုး လုံခြည် နဲ့ အင်္ကျီအတွက် ဖျင်စတွေကိုပဲ ရက်တော့တယ်။ တိုင်းရင်းသားဝတ်စုံ အတွက် သီးသန့်လုပ်တာ၊ အဲဒီ အလုပ်ရုံက ယက္ကန်းကွက်သစ်မှာ တစ်ရုံ ကရင်အမျိုးသမီးကုန်းမှာ တစ်ရုံရှိတယ် ” လို့ ပုသိမ်မြို့က အသက် ၇၅ နှစ်အရွယ် လက်ယက္ကန်းစင် ပညာရှင်တစ်ဦးက DNA ကို ပြောပါတယ်။
လက်ရှိမှာတော့ စက်ယက္ကန်းစင်တွေ တွင်ကျယ်လာပြီးနောက် ထုတ်လုပ်မှုအားနဲ့ နည်းပညာ ကွာခြားချက်ရှိတာ၊ လက်မှုပညာသည်လုပ်သား လျော့ကျသွားတာတွေနဲ့ ချည်ထည် ကုန်ကြမ်း ဈေးမြင့်တက်လာတဲ့ အခြေအနေတွေကြောင့် လက်ယက္ကန်းစင်လုပ်ငန်း တဖြေးဖြေး တိမ်ကောလာတာလို့ လုပ်ငန်းရှင် ဦးမောင်မောင်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
“ စက်ပစ္စည်းတွေ ကိုင်တွင်ဖို့ဆိုတာက အခက်အခဲရှိတယ် ပြီးတော့ အရင်းအနှီး အခက်အခဲ ကြောင့်လည်း လုပ်ငန်းရှင်တွေက လုပ်ငန်းကို မလုပ်ကြတော့ဘူး။ ပညာရှင်လုပ်သားတွေကလည်း အခြားအလုပ် ပြောင်းလုပ်ကြရာက မျိုးဆက်ပြတ်ပြီး တိမ်ကောလာတာ အခုက ကရင် နဲ့ ကယား တိုင်းရင်းသား အထည်တွေပဲ လိုအပ်ချက် ပေါ်မူတည်ပြီး လုပ်ကြတာဆိုတော့ ဝင်ငွေက ပုံမှန်မဟုတ်တော့ ယက္ကန်းခတ်တဲ့ အလုပ်သမတွေကလည်း သိပ်မရှိတော့ဘူးပေါ့ ” လို့ အသက် ၅၀ ကျော်ရှိ လက်ယက္ကန်း ခတ်သူ ဒေါ်သိန်းအေးက ပြောပါတယ်။
ဒါ့အပြင် အဓိက ကုန်ကြမ်းဖြစ်တဲ့ ၂/၈၀ တရုတ် ချည်ထုပ် တထုတ်ကို မန္တလေး ဈေးကွက်မှ ပုသိမ် အရောက် ကျပ်တစ်သိန်းကျော်အထိ ဈေးမြင့်တက်သွားတာကြောင့်လည်း မန္တလေး နဲ့ ဝမ်းတွင်းဖက် ကထွက်တဲ့ အထည်တွေကို ဈေးကွက်အရ မယှဉ်ပြိုင်နိုင်တော့တာကြောင့် ဈေးကွက်ထိခိုက်မှုတွေ ရှိတယ်လို့လည်း ဆက်သိရပါတယ်။
အရင်က ပုသိမ်မြို့က ထုတ်လုပ်တဲ့ လက်ယက္ကန်းထည် ပုဆိုး၊ လုံခြည်၊ အထည်တွေ နဲ့ သင်္ကန်းတွေ ကို ဧရာဝတီတိုင်း အတွင်းသာမက ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း နဲ့ ရန်ကုန်တိုင်း အတွင်းအထိ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကရင် နဲ့ ကယား တိုင်းရင်းသား ပုဆိုး၊ လုံခြည်၊ အထည်ဖျင်စ တွေကို သာ အမှာစာအရ ထုတ်လုပ်နိုင်တော့တယ်လို့ လက်ယက္ကန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – ပုသိမ်မြို့က လက်ယက္ကန်းလုပ်ငန်းများ (ပုံဟောင်း)