ပေါက်မြို့နယ် တောင်ပိုင်းမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးအသုံးပြုတိုက်ခိုက်

ဇူလိုင်၊ ၁၁

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းက စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကျေးရွာနှစ်ရွာကို ဒီကနေ့ မနက်အ စောပိုင်းမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်ရာမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်ကာ စစ် ကောင်စီ ဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ က DNAကို ပြောပါတယ်။

“အဲဒီရွာက ပျူစောထီး၊ စစ်တပ်တွေအများကြီးတပ်စွဲထားတဲ့ ရွာတွေပဲ၊အခု ကျွန်တော်တို့ သိထားသလောက်ဆို ပြည်သူ့စစ် ၁၃ ဦး၊ စစ်တပ် နှစ်ဦး သေတယ်ပေါ့နော်၊ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်မှုတွေလည်း ရှိပါတယ်၊ မစိုးရိမ်ရဘူး၊အသေးစိတ်ကိုတော့ ကျွန်တော်တို့ ထုတ်ပြန်မှာပါ” လို့သူကပြောပါတယ်။

ပေါက်မြို့နဲ့ ၁၁မိုင်ဝန်းကျင်အကွာ ယောချောင်းအနီးမှာရှိပြီး ပျူစောထီးရွာတွေအဖြစ် လူသိများတဲ့ ရွာသစ်ရွာနဲ့ တပ်ကုန်း ရွာတို့ကို ဒေသကာကွယ်ရေးအင်အားစုတွေက ဒီကနေ့မနက် ငါးနာရီလောက်မှာ တိုက်ခိုက်ခဲ့ကြ တာလို့သိ ရပါ တယ်။

 အဲ့ဒီရွာတွေမှာ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ခုနစ်ဆယ်လောက်တပ်စွဲထားတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

 အဲ့ဒီလို တိုက်ခိုက်တာကြောင့် နနှစ်နာရီခွဲ ဝန်းကျင်ကြာ အပြန်အလှန်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီးခဲ့ပြီး မနက် ရှစ်နာရီဝန်း ကျင်မှာ စစ်ကောင်စီက MI-35 ရဟတ်ယာဉ်တစီးနဲ့ နာရီဝက်ကြာ လေကြောင်းကနေလာ ရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် ပေါက်မြို့အခြေစိုက် ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၂၄ ပေါက်မြို့တိုင်းရင်းဆေးရုံတွေအနီးကနေ ၁၂၀ မမလက်နက်ကြီးတွေနဲ့ လည်းပစ်ခတ်ခဲ့သေးတယ်လို့ မြို့နယ် ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

 “အရပ်သားထိခိုက်မှုတော့ မရှိဘူးခင်ဗျ၊လက်နက်ကြီးလှမ်းပစ်တာကလည်း တခြားနေရာတွေဘက်ကို ကျတော့ နည်းနည်းကြောက်တာမျိုးတွေ ရှိတယ်ပေါ့နော်၊အခုတိုက်ပွဲဖြစ်တဲ့ရွာတွေကလည်း စစ်တပ်ပျူစောထီးတွေတပ်စွဲ ထားတာရှိတော့ အဲဒီတပ်စွဲကတည်းက ရှောင်နေတာမျိုးတော့ ရှိတယ်၊ဘေးနားကရွာတွေလည်း အဲလိုပဲ၊ ဒါပေ မယ့် အခု တိုက်ပွဲ ဖြစ်တဲ့ရွာကကျတော့ ရွာသားတွေ တချို့တဝက်ရှိနေတယ်၊ အခုလို တိုက်ပွဲဖြစ်တော့ နည်းနည်း လောက်ထွက်ပြေးတာလောက်ပဲရှိတယ်” လို့ သူကပြောပါတယ်။

 တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကကျေးရွာတွေဟာအိမ်ခြေရာဂဏန်းစီလောက်ရှိတယ်လို့ သိရ ပါ တယ်။ဒါ့အပြင်အနီးပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ တပ်ကုန်းရွာဟောင်း၊ ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်းနဲ့ ဝန်ခြုံး ကျေးရွာတွေဟာလည်း ပြည်သူ့စစ်အမည်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အားကောင်းတဲ့ ကျေးရွာ တွေ ဖြစ်တယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

“ဒီညနေပိုင်းအထိတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ် တာ မျိုးတွေရှိတယ်၊ အခြေအနေက စောင့်ကြည့်ရ ဦး မယ် ဗျ၊ စစ်ကြောင်းကလည်း ရှိသေးတယ်ဆိုတော့လေ၊ အဲဒီရွာနဲ့ မလှမ်းမကမ်းမှာ ရှိနေတာ၊တိုက်ပွဲဖြစ်နိုင်တာပေါ့” လို့ မြို့နယ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကြောင်းထိုးတာတွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် ပေါက်မြို့ နယ် အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရတဲ့ အရပ်သား ၄၀၀၀ နီးပါးရှိတယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေ ကပြော ပါတယ်။