အောင်လံမြို့ကဘုန်းကြီးကျောင်းမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေ အစာရေစာပြတ်လပ်သေဆုံးမှုအပေါ် ဝေဖန်မှုတွေရှိနေ

ဇူလိုင်၊ ၁၁

မကွေးတိုင်း၊ အောင်လံမြို့က ဧက ၆၀ ဘုန်းကြီးကျောင်းဝန်းထဲမှာ မွေးမြူထားတဲ့တိရစ္ဆာန်တွေ အစာရေစာပြတ်လပ်သေဆုံးနေရမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

အောင်လံမြို့အရှေ့ဘက်မှာတည်ရှိတဲ့ အဲဒီဘုန်းကြီးကျောင်းထဲမှာမွေးမြူထားတဲ့ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး မကြာသေးခင်ရက်ပိုင်းက ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူတွေက လူမှုကွန်ရက် မှာတင်ရာကနေ ဝေဖန်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။

“မျောက်တွေဟာ အစာလုံးဝမစားရပါဘူး။ ဘုန်းကြီးကျောင်းကိုလာရောက်ကျွေးတဲ့သူရှိမှ စားကြရတာပါ။ အစာမစားရတဲ့အတွက် ဆာလောင်မှုဒဏ်ကိုခံစားနေကြရပြီး မြက်တွေကျွေးရင်တောင် စားသောက်တဲ့အဆင့်ရောက်နေပါပြီ။ အစာရေစာငတ်ပြတ်မှုကြောင့် အားအင်ချိနဲ့ပြီး အမြင်အာရုံပါချို့ယွင်းတဲ့ဒဏ်ကို ခံစားနေရပါပြီ”လို့ မြန်မာနိုင်ငံ သဘာဝဇီဝမျိုးစိတ်တွေအကြောင်း ဗဟုသုတမျှဝေခြင်းနဲ့ ထိန်းသိမ်းစောက်ရှောက်မှုတွေကို အွန်လိုင်းအခြေပြုလုပ်ဆောင်နေတဲ့ Wildlife of Myanmar အဖွဲ့ က လူမှုကွန်ယက်မှာရေးသားထားပါတယ်။

အဲဒီဘုန်းကြီးကျောင်းက တိရစ္ဆာန်တွေကို Responsible animal keeping အဖွဲ့နဲ့ Wildlife of Myanmar အဖွဲ့တွေက မကြာသေးခင်ရက်အနည်းငယ်က သွားရောက်ကယ်တင်ခဲ့ပေမယ့် ကယ်တင်ခွင့်မရခဲ့ဘဲ တိရစ္ဆာန်တွေနေထိုင်ရေး အဆင်ပြေရန်အတွက်သာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးနဲ့အစားအစာအတွက် အလှူငွေပေးအပ်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီဘုန်းကြီးကျောင်းဝန်းထဲမှာ မွေးမြူထားတဲ့တိရစ္ဆာန်တွေဟာ ကျန်းမာရေးချို့တဲ့နေတာ၊ အစာရေစာလုံလောက်စွာမစားသောက်ရတာ၊ အချို့တိရစ္ဆာန်တွေ ခြံအတွင်းသေဆုံးနေတာ စတဲ့အကြောင်းအရာတွေဖြစ်ပေါ်နေတာကြောင့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေအပါအဝင် လူမှုကွန်ယက်ပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

“ကျန်းမာရေးချို့တဲ့တာကတော့ အကုန်ချို့တဲ့နေတာတွေ့ရတယ်။ မျောက်တွေဆိုရင် မျက်လုံးကန်းနေပြီ။ ဗိုက်တာမင်အေ ချို့တဲ့တာ ဒါမှမဟုတ် ရေဓာတ်ခန်းခြောက်တာနဲ့ ကျောက်ကပ်ပျက်စီးလို့ အဲဒါတွေကြောင့်လဲ ဖြစ်မှာပေါ့။ နောက်တခုက မြွေတွေဆိုရင် အရေခွံတွေကခြောက်နေပြီ။ တကောင်မှ ကောင်းကောင်း(ကျန်းမာရေး)ဖြစ်နေပုံ မတွေ့ရပါဘူး”လို့ အမည်မဖော်လိုတဲ့ တိရစ္ဆာန်ရောဂါကုဆရာဝန်တဦးက DNA ကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့  ဘုန်းကြီးကျောင်းထဲက တိရစ္ဆာန်တွေဟာ အစာရေစာပြတ်လပ်မှုတွေနဲ့ရင်ဆိုင်နေရပြီး ယုန်တွေသေဆုံးနေတာ၊ မျောက်တွေအစာမစားရတာ၊ သောက်ရေမရှိတာနဲ့ မြွေတွေအားအင်ချို့တဲ့နေတာတွေကိုတွေ့လာရသလို အစာရေစာပြတ်လပ်လို့ သေဆုံးသွားတဲ့တိရစ္ဆာန်တွေကိုပါ ဖြစ်သလိုစွန့်ပစ်ခံထားရတယ်လို့ Responsible animal keeping နဲ့ Wildlife of Myanmar အဖွဲ့တို့က လူမှုကွန်ယက်မှာ ရေးသားထားတာတွေ့ရပါတယ်။

“ဧက ၆၀ ဆိုတာ အကျယ်ကြီးပါ။ အကောင်တွေကို ဒီအတိုင်းလွှတ်ထားရင်ကို ရပါတယ်။ အခုလို အစာရေစာအငတ်ထားတာ ဖြစ်သလိုထားတာတွေက အလွန်ရှုတ်ချစရာဖြစ်သလို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတာပါ”လို့ Wildlife of Myanmar က လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

လက်ရှိ လူမှုကွန်ယက်မှာဝေဖန်မှုတွေဖြစ်ပေါ်နေတဲ့ ဧက ၆၀ ဘုန်းကြီးကျောင်းကို အောင်လံမြို့ မဟာသမယကျောင်းတိုက်ဆရာတော်က ဦးဆောင်ပြီး မြန်မာသက္ကရာဇ် ၁၃၈၀( ၂၀၁၈ခုနှစ်)မှာတည်ထောင်ခဲ့တယ်လို့ဆရာတော်က  မိန့်ကြားပါတယ်။

ကျောင်းဝန်းအတွင်းမှာ မွေးမြူထားတဲ့တိရစ္ဆာန်တွေကို နေ့စဉ်ကျွေးမွေးစရိတ်က ကျပ်ငါးသောင်းဝန်းကျင်အထိကုန်ကျပြီးကျောင်းဝန်းအတွင်းမှာ ယုန်၊ မျောက်၊ စပါးကြီးမြွေနဲ့ ဒေါင်းစတဲ့ မျိုးစိတ်တွေမွေးမြူထားပေမဲ့  လက်ရှိအချိန်မှာတော့ ယခင်လို တိရစ္ဆာန်အကောင်ရေ မများတော့ဘူးလို့လည်း ဆက်လက်မိန့်ကြားပါတယ်။

ဒါ့အပြင် လူမှုကွန်ယက်ပေါ်က အခုလိုစွပ်စွဲ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး မဟာသမယဆရာတော်ထံ DNA က ဆက်သွယ်မေးမြန်းရာမှာ သူတို့စွပ်စွဲပြောဆိုတာတွေက မှန်ကန်မှုမရှိဘူးလို့လည်း ဆရာတော်က  ငြင်းဆိုမိန့်ကြားပါတယ်။

“ဘုန်းဘုန်းက ဒီတိရစ္ဆာန်လေးတွေကို လူတွေလိုပဲ တနေ့ကို အစာသုံးကြိမ်ကျွေးတယ်။ အစားအစာလာလှူတဲ့သူမရှိပေမဲ့ ပြည့်စုံအောင်ဝယ်ပြီးတော့ ကျွေးမွေးနေတာပါ။ မြွေတွေဆိုရင်လည်း သူ့ရက်သတ်မှတ်ချက်နဲ့ကျွေးရတာပေါ့။ အခု သူတို့ရေးတင်နေတာတွေက ဘာတခုမှမဟုတ်ဘူး။ အဲဒီနေ့က ဖြစ်ချင်တော့ ယုန်ကလေးက အစားများပြီးတော့ ဗိုက်ကြီးတင်ပြီးတော့ သေသွားတာပါ။ အဲဒါကို သန့်ရှင်းရေးမလုပ်သေးခင် သူတို့ကဓာတ်ပုံရိုက်တင်လိုက်တာ၊ ဘာမှမဟုတ်ပါဘူး။ ဘုန်းဘုန်းကတော့ ခံစားရတာပေါ့၊ စိတ်မကောင်းဖြစ်ရတာပေါ့။ တကယ်လည်း တိတိကျကျ ဂဃနဏ မသိကြဘဲနဲ့ ဘာလို့ ရေးတင်ကြတာလဲ၊ ရိုက်တင်ကြတာလဲပေါ့။ အဲဒီလိုတွေ(လူမှုကွန်ယက်ပေါ်ကဝေဖန်မှု) လုပ်နေတာက ဘုန်းဘုန်းရဲ့ သာသနာပြုလုပ်ငန်းကို နှောင့်ယှက်နေသလို ဖြစ်နေတယ်။ တကယ်ဆိုရင် ဘုန်းဘုန်းနဲ့သာသနာကို လက်တွဲကူပြီးတော့ လုပ်ပေးရမှာ”လို့ မဟာသမယ ဆရာတော်က DNA ကို မိန့်ပါတယ်။

ဒါပေမယ့် တိရစ္ဆာန်ရောဂါကုဆရာဝန်တဦးကတော့ တိရစ္ဆာန်တွေရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်အရ ဗိုက်ဝပြီးသေဆုံးတာမရှိသလို အလွန်အကြူးလည်း စားသောက်တာမရှိကြဘူးလို့ ဆရာတော်ရဲ့မိန့်ကြားချက်နဲ့ပတ်သတ်ပြီး အခုလိုပြောဆိုပါတယ်။

“တိရစ္ဆာန်တွေက သူတို့ကိုယ်သူတို့ ဘယ်လောက်ပမာဏစားရင် ဗိုက်ဝတယ်ဆိုတာ သိပြီးသားပါ။ ဗိုက်ဝလို့သေတယ်ဆိုတာ မဟုတ်ပါဘူး။ ဗိုက်ဝလို့သေတယ်ဆိုလည်း မရှိပါဘူး။ တိရစ္ဆာန်တွေက သူတို့ရဲ့ဖြစ်စဉ်အရကိုက အစာဝသွားရင်မပြေးနိုင်တော့ဘူးဆိုတာ သူတို့ကသိတယ်။ ဒါကြောင့် အစာဝလို့သေသွားတယ်ဆိုတာ မရှိဘူး။ နောက်တခုက မျောက်ဆိုတာက မြက်စားတဲ့အမျိုးမဟုတ်ဘူးဗျ။ အဲဒီမျောက်က စားစရာမရှိတော့လို့ မြက်နုတ်စားနေတာပေါ့”လို့ တိရစ္ဆာန်ရောဂါကုဆရာဝန်တဦးက DNA ကို ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ တိရစ္ဆာန်ဥယျာဉ် ဒါမှမဟုတ် ရုက္ခဗေဒဥယျာဉ်ကိုလုပ်ငန်းလိုင်စင်မရှိဘဲ တည်ထောင်လုပ်ကိုင်ရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် အနည်းဆုံးကျပ်နှစ်သိန်းကနေ ငါးသိန်းအထိငွေဒဏ် ၊ ဒဏ်နှစ်ရပ်လုုံးဖြစ်စေချမှတ်ရမယ်လို့ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေမှာပြဌာန်းထားပါတယ်။

အဲဒီ ဘုန်းကြီးကျောင်းကို သွားရောက်လေ့လာခဲ့တဲ့ သူတွေကတော့  တိရစ္ဆာန်အချို့ဟာ ကျန်းမာရေးချို့တဲ့နေတဲ့ပုံစံ၊ အစာရေစာမဝတဲ့ ပုံစံတွေတွေ့ရသလို အစားအသောက်လာရောက်ကျွေးမွေးသူလည်း မတွေ့ခဲ့ရပါဘူးလို့ ဆိုပါတယ်။

“မျောက်ကလေးတွေကို နှစ်ကောင်ခွဲပြီးတော့ လှောင်အိမ်နှစ်လုံးနဲ့ သီးခြားစီထည့်ထားတာ။ ပထမလှောင်အိမ်ထဲက မျောက်တကောင်ကတော့ မျက်စိတဖက်မမြင်ရဘူး။ နောက်ထပ် လှောင်အိမ်ထဲက မျောက်တကောင်ကတော့ လှောင်အိမ်ထဲကနေအပြင်ဘက်ကို သူလက်နဲ့လှမ်းပြီးတော့ မြက်ကလေးတွေ နုတ်စားနေတာတွေ့ရတယ်”လို့ မကြာခင်က သွားရောက်လေ့လာခဲ့သူတဦးပြောပါတယ်။

Photo-DNA