မူဆယ်နဲ့ကျောက်မဲမှာစစ်ကောင်စီနဲ့ TNLA တိုက်ပွဲဖြစ်

ဇူလိုင်၊ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်ကျေးရွာမှာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ TNLA  သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံအမျိုးသမီးတဦးက DNA ကိုအတည်ပြုပြောဆိုပါတယ်။ 

“မူဆယ်နမ့်တောရွာဖက်ကို စစ်တပ်က လုံပန်ရွာကနေ ထိုးစစ်ဆင်တိုက်ခိုက်တာပေါ့နော်၊အဲဒီမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်၊အထိအခိုက်တွေကတော့ ရှိနိုင်တယ်၊ဒါပေမယ့် နှစ်ဖက်ထိခိုက်မှုခြေနေတွေကိုတော့ အသေးစိပ်မသိရသေးဘူး“ လို့ သူကပြောပါတယ်။

အဲ့ဒီတိုက်ပွဲဟာ ဒီကနေ့ မနက် ၁၀ နာရီလောက်ကနေ ၁၁နာရီဝန်းကျင်အထိ မိနစ်လေးဆယ်လောက်ကြာခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုတွေလည်းရှိတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ်မြို့မှာ ဒီကနေ့ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ TNLA ဘက်က တပ်သားတဦး ထိခိုက်ကျဆုံးခဲ့တာကြောင့်သူ့ရဲ့ရုပ်အလောင်းကို ဆိုင်ကယ်နဲ့ ပြန်သယ်သွားတာတွေ့ရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ကိုကိုးကားပြီး Kachin Waves သတင်းဌာနက ရေးသားထားပါတယ်။

အလားတူပဲ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ TNLA တပ်တွေ မနေ့ကတိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေတုန်းပဲလို့သိရပါတယ်။

TNLA တပ်မဟာ (၂)စစ်ဒေသ  မိုင်းငေါ့မြို့နယ် နမ့်တွေကျေးရွာအနီးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင် အား ခုနစ်ဆယ်လောက် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တာလို့ TNLA သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲကတော့ မနေ့က မနက် ကိုးနာရီကနေ ၁၂ နာရီအထိ သုံးနာရီလောက်ကြာခဲ့တယ်လို့သိရပါတယ်။

“စစ်တပ်က မိုင်းငေါ့ကနေ တအာင်းစစ်စခန်းတွေရှိတဲ့ နမ့်တွေရွာကိုလာပြီး ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက်ကြောင့် ကျွန်မတို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်၊ဒီကနေ့မှာတော့ တိုက်ပွဲတွေမရှိဘူး၊ဒါပေမယ့်တဘက်နဲ့ တဘက်စောင့်ကြည့်နေတဲ့အနေအ ထားရှိပါတယ် “ လို့ TNLA  သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံအမျိုးသမီးကပြောပါတယ်။

အဲဒီတိုက်ပွဲမှာလည်း နှစ်ဘက်ထိခိုက်မှုကို မသိရသေးပေမယ့် နမ့်တွေရွာခံ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေနတ်ထိမှန်ဒဏ်ရာတွေရခဲ့ပြီး စိုးရိမ်ရတဲ့အနေအထားတော့မရှိဘူးလို့ သူကပြောပါတယ်။