အရာတော်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့လို့ ဒေသခံတသောင်းနီးပါး ထွက်ပြေးနေရ

ဇူလိုင်၊ ၁၁
 
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် တောင်ဘက်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဇူလိုင်လ ၁၁ ရက် ဒီကနေ့မနက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် အရပ်သားတသောင်းနီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ညမှာ သူတို့စစ်ကြောင်း ဝင်လာတယ်၊ ညောင်ပင်ရွာမှာ တပ်ထိုင်ပြီးတော့ ဒီမနက်မှာပဲ တရွာချင်းစီ ဝင်ပြီးတော့ မီးတင်ရှို့နေတာ၊ ဘယ်လောက်ရှို့လိုက်သလဲတော့ မသိဘူး၊ များတော့ များတယ်၊ ဒီကလူတွေက အဝေးကနေပဲ လှမ်းမြင်နေရတာလေ၊ အဲဒီရွာသုံးရွာက ကပ်ရပ်ပဲလေ၊ အတန်းလိုက်ရွာတွေပဲ၊ ရွာလုံးကျွတ်ပဲပေါ့၊ အခုဆို ထွက်ပြေးနေရတာ ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အင်အား ၁၂၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဇွန်လ ၁၀ ရက်မှာ အရာတော်မြို့နယ်က ညောင်ပင်ကျေးရွာထဲကို ဝင်ရောက်တပ်စွဲပြီးနောက် မနက် ၈ နာရီခန့်မှာ ညောင်ပင်ကျေးရွာ၊ မလဲသာကျေးရွာ နဲ့ ကန်ရင်းကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီလိုမျိုး စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်မီးရှို့တာကြောင့် နေအိမ်ဘယ်လောက်မီးလောင်တယ် မသိရသေးပေမယ့် အဲဒီရွာ သုံးရွာက အရပ်သား တသောင်းနီးပါးက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
 
“ အရင်ကတည်းက မပြေးဘူး၊ ရွာထဲမှာ ရှိနေကြတယ်၊ အခုက စစ်ကြောင်းလာလို့ ရှောင်သွားရတာပေါ့၊ အိမ်ခြေတထောင်ကျော် ရွာတွေပဲလေ၊ တအိမ်ကို သုံးယောက်နဲ့ပဲ တွက်ဗျာ၊ တသောင်းလောက်ရှိနေပြီလေ၊ အဲဒါအကုန်လုံးပဲ ထွက်ပြေးနေရတယ်ပေါ့၊ တိတိကျကျကတော့ ရွာထဲက စစ်ကြောင်းထွက်ပြီးမှ သေချာရေတွက်လို့ ရမှာပေါ့နော် ” လို့ ဒေသခံက ဆက်ပြော ပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့သွားတဲ့ ကျေးရွာသုံးရွာဟာဆိုရင် အရာတော်မြို့နဲ့ တမိုင်အကွာမှာသာ တည်ရှိပြီး အဲဒီရွာတွေဟာ တရွာကို အိမ်ခြေတထောင်ဝန်းကျင်ခန့် ရှိနိုင်တယ်လို့ လည်း ဒေသခံတွေက ဆိုကြပါတယ်။
 
“ ဒီ မလဲသာရွာ ဆိုရင် အရင်နှစ်ကတည်းက သူတို့ တခါရှို့ထားပြီးပြီ၊ အဲတုန်းက အိမ်ခြေတထောင်လောက် ပါသွားတယ်၊ အခုလည်း တဲထိုးပြီးနေနေရတာ၊ အဲဒါကို ထပ်ရှို့သွားတာဗျာ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
လက်ရှိ ဒေသခံတွေက တောတောင်ဥယျာဉ်ခြံမြေတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေ နေအိမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်ဥယျာဉ်ခြံတွေမှာ ရှောင်နေတဲ့သူတွေက လတ်တလော စားသောက်နေထိုင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် မနေ့က ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လမ်းမှာ ထိပ်တိုက်တွေ့ဆုံပြီး မလဲသာရွာမှာ ၁၅ မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
လက်ရှိမှာလည်း ကျေးရွာသုံးရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီကျေးရွာအနီးမှာပဲ တပ်စွဲထားတဲ့အတွက် ဒေသခံတွေလည်း နေရပ်မပြန်လာကြရဲသေးဘူးလို့ ဆိုပါတယ်။
 
“ မနေ့ မနက်ကလည်း ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်သေးတယ်၊ ၁၅ မိနစ်လောက်ပဲဗျ၊ အထိအခိုက်ကတော့ သေချာ မသိရသေးဘူးပေါ့နော်၊ နောက် မီးရှို့သွားတဲ့ စစ်ကြောင်းကလည်း ကန်ရင်းရွာနားမှာ ပျောက်နေတယ်၊ အဲဒါကြောင့်ပဲ ရွာသားတွေလည်း မပြန်လာကြရဲသေးဘူးပေါ့ ” လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
 
အရာတော်မြို့နယ်မှာဆိုရင် ကျေးရွာပေါင်း ၁၃၄ ရွာရှိပြီး လက်ရှိ နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အရာတော်တောင်ဘက်ခြမ်းမှ ကျေးရွာ ခုနှစ်ရွာနဲ့ မြောက်ဘက်ခြမ်းက ကျေးရွာသုံးရွာမှ စုစုပေါင်း အရပ်သား နှစ်သောင်းခွဲ ဝန်းကျင်ခန့်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေထံမှ သိရပါတယ်။
 
ဓာတ်ပုံ – အရာတော်ပို့စ်
ပုံစာ – မေလ ၂၅ ရက်နေ့က အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်မီးရှို့ပြီးနောက် မြင်ကွင်း။ (ပုံဟောင်း)