တိရစ္ဆာန်တွေကို ဖုန်းနဲ့ ဗီဒီယိုတွေ မပြကြဖို့ ကနေဒါ တိရစ္ဆာန်ရုံတခု မေတ္တာရပ်ခံ

ဇူလိုင်၊ ၁၁

ကနေဒါ နိုင်ငံက တိရစ္ဆာန်ရုံ တခုဟာ ဧည့်သည်တွေ အနေနဲ့ ဂေါ်ရီလာ မျောက်ဝံတွေ အပါအဝင် ပရိုင်းမိတ် မျိုးစိတ်ဝင် တိရစ္ဆာန် တချို့ကို မိုဘိုင်းဖုန်း ဗီဒီယိုတွေ ဖွင့်မပြဖို့ မေတ္တာ ရပ်ခံထားပါတယ်။

တိုရွန်တို တိရစ္ဆာန်ရုံထဲက မျောက်လှောင်အိမ်တွေနဲ့ တခြား ပရိုင်းမိတ် မျိုးနွယ် လှောင်အိမ်တွေနားမှာ တိရစ္ဆာန်တွေကို ဖုန်းဗီဒီယိုတွေ မပြသကြဖို့ တားမြစ်တဲ့ စာတန်းတွေ ကပ်ထားတာ တွေ့နိုင်ပါတယ်။ တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ဉာဏ်ရည် မြင့်မားတဲ့ ပရိုင်းမိတ် မျိုးစိတ်တွေကို မိုဘိုင်းဖုန်း screenနဲ့ ထိတွေ့မှု များလာတာကို မလိုလားပါဘူး။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံတွေ့လာမှာကို စိုးရိမ်တာကြောင့်ပါ။

နောက်ပြီး မိုဘိုင်းဖုန်းထဲက ဗီဒီယိုတွေ၊ ဓာတ်ပုံတွေထဲက တချို့သော အကြောင်းအရာတွေဟာ ဂေါ်ရီလာတွေနဲ့ တခြား ပရိုင်းမိတ် မျိုးစိတ်တွေက သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲ သက်ရောက်မှုတွေ ဖြစ်သွားစေနိုင်တယ်လို့လည်း တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

 တိရစ္ဆာန်ရုံရဲ့ ကွဲပြားမျိုးစိတ်များ အမူအကျင့်ပိုင်းဆိုင်ရာ ကြီးကြပ်ရေးမှူး ဟိုလီရော့စ်က လောလောဆယ်မှာတော့ ပရိုင်းမိတ်တွေမှာ ထင်ရှားမြင်သာတဲ့ အမူအကျင့် ပြောင်းလဲမှုတွေ မမြင်ရသေးပေမယ့် အတတ်နိုင်ဆုံး သူတို့ကို သဘာဝဆန်ဆန်ပဲ ရှင်သန် နေထိုင်စေလိုတယ်လို့ ပြောပါတယ်။

တိရစ္ဆာန်ရုံမျာ ရှိနေတဲ့ နက်ဆာဆိုတဲ့ ဂေါ်ရီလာ မျောက်ဝံ တကောင်ကတော့ ဧည့်သည်တွေက ပြသတဲ့ ဖုန်းဗီဒီယိုတွေကို စိတ်ဝင်စားလာရာက ဖုန်းစွဲတဲ့ အရိပ်အယောင်တချို့ ပြသလာတာကို တွေ့ရကြောင်း ရော့စ်က ဆိုပါတယ်။ အဲဒီနောက်မှာ နက်ဆာဟာ ဧည့်သည်တွေကို မြင်ရင် ဖုန်းဗီဒီယိုတွေ ပြမလား ဆိုတာကိုပဲ စိတ်ရောက်နေဟန်ရှိပြီး သူ့ဘဝ ဖြတ်သန်းမှု ပုံစံမှာ အဲဒီ ကိစ္စက အနုတ်လက္ခဏာဆန်ဆန် လွှမ်းမိုးမှုတချို့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

Ref: UPI