ကျိုက်စကောထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဉီးသေဆုံးပြီး ၃၅ ဦး ပျောက်ဆုံးနေ

ဇူလိုင်၊ ၁၀

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်ကနေ ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးထဲကနှစ်ဦးသေဆုံးကြောင်းသာအတည်ပြုထားနိုင်ပြီး ကျန်တဲ့ ၃၅ ဦးကတော့အခြေအနေမသိရသေးဘဲ ပျောက် ဆုံးနေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။

 ကျိုက်စကောအကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်မှာ ထောင်ပြောင်းရွှေ့ ဖို့ဆိုကာ စစ်ကောင်စီလက်အောက်ခံတပ်တွေက ခေါ်ထုတ်သွားခဲ့တာလို့ ဆိုပါတယ်။

 အဲဒီနောက် အကျဥ်းထောင် တာဝန်ရှိသူတွေကို နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဘက်ကအခြေအနေ သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့တယ်လို့ AAPP တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

 “အခုချိန်ထိ မိသားစုနဲ့ ဘယ်လိုမှ အဆက်သွယ်မရသေးဘူး၊သွားမေးတဲ့အခါတိုင်း သူတို့(အကျဥ်းဦးစီး)က မသိဘူး ဆိုတာပဲ အကြောင်းပြန်တယ်။ ဘယ်သူက ဘယ်ထောင်ပြောင်းလဲ၊ ဘယ်သူက ဘယ်ရောက်နေလဲဆိုတာ သူတို့ လုံးဝဖြေကြားခြင်းမရှိဘူး” လို့ သူကပြောပါတယ်။

 သူတို့ ၃၇ ဦးထဲက ပဲခူးခရိုင် ဗကသဥက္ကဌ ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်းတို့ နှစ်ဦးကတော့ အင်းစိန်ထောင်ကို ရွှေ့ပြောင်းစဥ် ကားတိမ်းမှောက်တဲ့အချိန် ထွက်ပြေးတာကြောင့်ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတယ်ဆိုပြီး အ ကျဥ်းဦးစီးဘက်ကနေ မိသားစုဝင်တွေဆီ ပြီးခဲ့တဲ့ရက်ပိုင်းကအကြောင်းကြားစာ ပေးပို့လာတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

 အဲဒီအကြောင်းကြားစာတွေမှာ ဇွန်လ ၂၉ ရက်နေ့ ရက်စွဲတပ်ထားပေမယ့် မိသားစုဝင်တွေဆီကိုတော့ ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှ ရောက်လာခဲ့တယ်လို့လည်းသိရပါတယ်။

 အဲ့ဒီလို အကြောင်းကြားစာပေးပို့ရာမှာလည်း မသင်္ကာဖွယ်ရာ  အခြေအနေတချို့ရှိနေတာကြောင့် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကိုလည်း မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်း တွေက စိုးရိမ်နေကြပါတယ်။

 ကိုပြည့်ဖြိုးဟိန်း သေဆုံးကြောင်း အကျဉ်းဦးစီးကမိသားစုဆီ ပေးပို့တဲ့အကြောင်းကြားစာမှာ စာအိတ်အတွင်းမှာ တော့ ကိုပြည့်ဖြိုးဟိန်း ရဲ့ဇနီးကိုလိပ်မူထားပေမယ့် စာအိတ်အဖုံးမှာတော့ အခြားနိုင်ငံရေးအကျဥ်းသား တဦးဖြစ် တဲ့ ကိုအောင်မျိုးသူရဲ့ဇနီး လိပ်စာတပ်ထားတာကြောင့် မိသားစုလွဲမှားရောက်ရှိခဲ့တာပါ။

အဲဒါကြောင့် ကိုအောင်မျိုးသူရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်လို့ AAPP ဘက်က ပြောပါတယ်။

 မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်ကတော့ ထောင်ပြောင်းရွှေ့စဥ် ပစ်သတ်ခံရမှုအပါအဝင်ကျိုက်စကောအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ခုနစ်ဦးသေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကိုအောင်မျိုးသူလည်း ပါဝင်တယ်လို့ DNA ကို ပြောဆိုထားပါတယ်။

အဲဒီအကြောင်းအရာကိုတော့ DNAက ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နမှာ သတင်းရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆက်အသွယ်မရသေးတဲ့ နိုင်ငံရေးအကျဥ်းသား ၃၅ ဦးကို ဘယ်မှာ ဖမ်းဆီးထားတာလဲဆိုတာ အတိအကျ မသိရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ နိုင်ငံရေးအကျဥ်းသားတွေကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ ညှဥ်းပန်းနှိပ်စက်တာတွေနဲ့ ပတ်သက်ပြီး အမိန့်ပေးစေခိုင်းသူတွေ၊ ကိုယ်တိုင်ကျူးလွန်သူတွေ အားလုံး တာဝန်ခံရမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

“နွေဦးတော်လှန်ရေးက ဒီလိုမျိုး ပြစ်မှုကျူးလွန်တဲ့သူတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေ၊အပြစ် ပေးအရေး ယူခံရခြင်း ကင်းလွတ်နေတဲ့ ကိစ္စတွေကို တိုက်ဖျက်သွားရမှာဖြစ်တယ်၊နွေဦးတော်လှန်ရေးပြီးဆုံးသွားတဲ့အခါ ဒီ လိုကျူးလွန်တဲ့သူတွေကို သေချာပေါက် ခုံရုံးတင်စစ်ဆေးပြီးတော့ ထိုက်တန်တဲ့အပြစ်ပေးအရေးယူမှုတွေ အလုပ် ခံရမှာဖြစ်တယ်” လို့ AAPP တာဝန်ရှိသူက DNA ကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေး တွေ ဆိုးဆိုးရွားရွားချိုးဖောက်ခံနေရပြီး အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ပစ် မှတ်ထား ဖိနှိပ်မှုကိုရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုင်းအဝိုင်းကပြောထားကြပါတယ်။

 လက်ရှိ လအနည်းငယ်အတွင်းမှာတော့ နိုင်ငံတဝန်းရှိအကျဉ်းထောင်တချို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်းမှာ အကြမ်းဖက်ဖိနှိပ်တာ၊ထောင်ပြင်ပကို ခေါ်ထုတ်ပြီး ရိုက်နှက်နှိပ်စက်တာတွေအပြင် အခုလို အကျဉ်းသားတွေသတ်ဖြတ်ခံရတဲ့ အခြေအနေတွေပါ ဆက်တိုက်ရှိနေတာပါ။

 ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်ကလည်း မြင်းခြံအကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတဦးဖြစ်သူ ဦးစိန်ဝင်း အစာအိမ်သွေးကြောပေါက်လို့ သေဆုံးတယ်ဆိုပြီး အကျဥ်းဦးစီးဘက်က မိသားစုဝင်တွေဆီ အကြောင်း ကြားလာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ရုပ်အလောင်းမှာတော့ အညိုအမဲ ဒဏ်ရာတွေ တွေ့ရှိခဲ့ပြီး ထောင်ပြင်ခေါ်ထုတ်ကာ စစ်ကြောရေးလုပ် ရာမှာလည်း ဦးစိန်ဝင်းပါဝင်ခဲ့တယ်လို့ မိသားစုအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AAPP က ဖော်ပြထား ပါတယ်။

 အလားတူပဲ ရန်ကုန်မြို့မှာ စစ်တပ်ထောက်ခံတဲ့ အဆိုတော် လီလီနိုင်ကျော် ပစ်သတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရ တဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ နှစ်ဦးကိုလည်း ဇူလိုင်လ ၆ ရက်ညပိုင်းမှာ စစ်တပ်က ပစ်သတ်ခဲ့ပါ တယ်။

စစ်ကောင်စီဘက်ကတော့ သူတို့နှစ်ဦးဟာ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေကို လိုက်ပြ ခိုင်းတဲ့အချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးခဲ့တာလို့ အကြောင်းပြပါတယ်။

 မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ် ဖြတ် ခံရသူ ၁၂၈၄ ဦးအထိ ရှိနေပြီး အဲဒီထဲက ၁၅၀ ဦးကတော့ အကျဥ်းထောင်တွေနဲ့ စစ်ကြောရေးစခန်းတွေမှာ သေ ဆုံးခဲ့တာလို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

ပုံစာ- အကျဉ်းထောင်တွေအတွင်းဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့့အခြေအနေကို သရုပ်ပြနေတဲ့မြင်ကွင်း