ဘားအံ-သထုံ လမ်းပိုင်းမှာ တံတားတစင်း ဖောက်ခွဲခံရ

ဇူလိုင်၊ ၁၀
 
ကရင်ပြည်နယ် ဘားအံမြို့နဲ့ မွန်ပြည်နယ် သထုံမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်က တံတားတစင်း ဒီကနေ့မနက်အစောပိုင်း တနာရီလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
 
သထုံ-ဘားအံ လမ်းမကြီး၊ ဘုရင်ညီနောင်ဂူ နဲ့ ဝါးပိုးတော လမ်းဆုံကြားက တံတားတစင်း မိုင်းထောင်ဖောက်ခွဲခံရတာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိပေမယ့် တံတားကတော့ အလယ်ပိုင်းမှာ အက်ကွဲကြောင်းတွေ ဖြစ်သွားသလို အောက်ခြေတိုင်တွေလည်း ယိုင်နဲ့သွားတယ်လို့ ဆိုပါတယ်။
 
” မနက်အစောကြီး မိုင်းခွဲတဲ့အသံ ကြားရတာပါ၊ လူထိခိုက်မှုတော့ မရှိဘူး၊ တံတားအခြေအနေကတော့ အတော်ဆိုးတယ်၊ စကစ က ကောင်တချို့တော့ ရောက်လာပြီး လမ်းပိတ်ထားတယ်၊ အခု အိမ်စီးကား အသေးလေးတွေကို ဖြတ်ကြည့်ခိုင်းနေတယ်၊ ဘာမှ မပြင်ဆင်ရသေးဘဲ တခုခုဖြစ်ရင်တော့ မလွယ်ဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲ့ဒီလမ်းပိုင်းကို ယာယီပိတ်ဆို့ခဲ့ပေမယ့် ဒီကနေ့မနက်ပိုင်းကစလို့ ကားလေးတွေကို ပြန်လည်ဖြတ်သန်းခွင့် ပေးထားတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုနေသူတွေက ပြောပါတယ်။
 
” တံတားအခြေအနေက အတော်ဆိုးတယ်၊ ကိုယ်ကားအလှည့်ရောမှ ကျိုးကျရင် မလွယ်ဘူး၊ မဖြတ်ရဲတာနဲ့ နောက်ကြောင်းပဲ ပြန်လာခဲ့တယ်၊ ဘယ်လောက်အရေးကြီးကြီး မဖြတ်သင့်ဘူးလို့တော့ ထင်တာပဲ ” လို့ မြဝတီကနေ ရန်ကုန်ကိုလာမယ့် ခရီးသွားတဦးက ပြောပါတယ်။
 
ဒေသခံတွေနဲ့ အဲဒီလမ်းပိုင်းအသုံးပြုသူတွေကတော့ ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားတွေ နှောင့်နှေးထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ပြောကြပါတယ်။
 
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားနေတဲ့ KNU နဲ့ PDF သတင်းရင်းမြစ်တွေဆီ DNA က ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။
 
အခုနှစ်အတွင်း တောင်ပိုင်း စစ်ဒေသ နယ်မြေတွေထဲမှာ စစ်ကောင်စီဘက်က ထောက်ပို့အဖြစ် အသုံးပြုနေတဲ့ လမ်းပိုင်းတွေက တံတားတွေ ဆက်တိုက် ဖောက်ခွဲဖျက်ဆီးခံနေရသလို ပြည်သူတွေအနေနဲ့ လမ်းအသုံးပြုရာမှာ သတိနဲ့သွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း သထုံမြို့နဲ့ ဘီးလင်းမြို့ကြားက ကျုံအိတ်တံတား မိုင်းခွဲခံရတာကြောင့် ပျက်စီးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – CJ