ရုရှားက နျူကလီးယား ဓာတ်အားပေး စက်ရုံကိုပါ ဖောက်ခွဲနိုင်တယ်လို့ ယူကရိန်း သမ္မတ သတိပေး

ဇူလိုင်၊ ၁၀

ယူကရိန်းတပ်တွေ ရှေ့မတိုးနိုင်အောင် တားဖို့အတွက်ဆိုရင် ရုရှားဟာ နျူကလီးယား ဓာတ်အားပေး စက်ရုံကိုတောင် ဖောက်ခွဲလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဇာပေါ့ရစ်ဇီရာ ပြည်နယ်ထဲက ရုရှားတပ်တွေ ထိန်းချုပ်ထားရာ နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး ဖောက်ခွဲခံရနိုင်ခြေဟာ အလေးအနက် စိုးရိမ်စရာ ဖြစ်လာနေကြောင်း ဇီလန်စကီးက ဆိုပါတယ်။ စစ်မြေပြင်မှာ ရုရှားတပ်တွေ စွမ်းဆောင်ရည် ညံ့ဖျင်းပြီး ယူကရိန်း ထိုးစစ်ကို မတားနိုင်တော့တာ သေချာရင် ရုရှားဟာ အဆုံးစွန်ထိ ကြမ်းကြုတ် ရက်စက်တာတွေကို မဆင်မခြင် လုပ်ဆောင်လိမ့်မယ်လို့လည်း ဇီလန်စကီးက စွပ်စွဲခဲ့ပါတယ်။

စစ်မြေပြင်မှာ ယူကရိန်းကို တားဆီးဖို့ ရုရှားက နျူကလီးယား ဓာတ်အားပေး စက်ရုံကို ဖောက်ခွဲနိုင်သလားလို့ မေးမယ်ဆိုရင် ဖောက်ခွဲပစ်လိမ့်မယ်လို့ သူက ယုံကြည်ထားကြောင်း အင်တာဗျူး တခုမှာ ဇီလန်စကီးက ဘာသာပြန်ကနေတဆင့် ပြောကြားခဲ့ပါတယ်။

တဖက်မှာတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်းဟာ ရုရှားလက်ထဲမှာ ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို ထိခိုက်ပျက်စီးအောင် တမင်တကာ လုပ်ကြံ ဖန်တီးနေတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။

အရင်ကလည်း ရုရှားဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စတင်မလာခင် ရက်ပိုင်းအလိုမှာ ဆည်ကြီးတခုကို ဖောက်ချပြီး ယူကရိန်း တပ်တွေကို ဟန့်တားဖို့ ကြိုးစားဖူးကြောင်း ယူကရိန်း စစ်တပ်က စွပ်စွဲထားပါတယ်။

လက်ရှိ အခြေအနေအရ ယူကရိန်းဟာ နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရုရှား လက်ထဲ ရောက်နေတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့အတွက် တန်ပြန်ထိုးစစ် စတင်နေပေမယ့် တိုးတက်မှု အရှိန်အဟုန် နှေးကွေးနေဆဲ ဖြစ်ပါတယ်။

 

Ref: Politico