တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း PDF တပ်ဖွဲ့ဝင် ၃၅ ဦးထက်မနည်း ကျဆုံးခဲ့

ဇူလိုင်၊ ၁၀
 
တနင်္သာရီတိုင်းမှာ အခု ၂၀၂၃ ခုနှစ် အစကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေထံကနေ သိရပါတယ်။
 
” ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းတဲ့အချိန်မှာ အကျအဆုံး ပိုများလာတာ၊ စစ်ကောင်စီတပ်နဲ့ အနီးကပ် နပန်းလုံးတာတွေပါ ဖြစ်တယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ကျဆုံးသူတွေဟာ ကော့သောင်းမြို့နယ်က ကိုးဦး၊ ပုလောမြို့နယ်က ရှစ်ဦး၊ ထားဝယ်မြို့နယ်ထဲက ခြောက်ဦးနဲ့ လောင်းလုံးမြို့နယ်က ငါးဦး၊ ဘုတ်ပြင်းမြို့နယ်က လေးဦး၊ သရက်ချောင်းမြို့နယ်က သုံးဦးတို့ ဖြစ်ပါတယ်။
 
ကျဆုံးခဲ့တဲ့သူတွေထဲမှာ တပ်သားအဆင့်ကနေ စစ်ကြောင်းမှူး အဆင့်အထိ ပါဝင်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း ကျဆုံးတာ၊ ကျန်းမာရေး မကောင်းတာ၊ လက်နက်စမ်းသပ်ရင်း မတော်တဆပေါက်ကွဲတာတွေကြောင့် ကျဆုံးတာ၊ ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံရတာ အမျိုးမျိုးရှိတယ်လို့ သိရပါတယ်။
 
ပုလောမြို့နယ်ထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) က တပ်ဖွဲ့ဝင်ခြောက်ဦး ကျဆုံးခဲ့ပြီး သူတို့ထဲက နှစ်ဦးကတော့ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းထောင်ရင်း မတော်တဆဖြစ်လို့ ကျဆုံးခဲ့တာပါ။
 
ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေထဲက နှစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံရပြီးမှ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သေနတ်နှစ်လက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ သူကပြောပါတယ်။
 
ဒါ့အပြင် ပုလောမြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပူရိယက္ခညီနောင်စစ်ကြောင်း နဲ့ တောကြီးမြွေဟောက် တပ်ဖွဲ့တွေက တပ်ဖွဲ့ဝင်နှစ်ဦးလည်း ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ကော့သောင်းမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ ဝိုင်ဒင်းရွာအနီး စစ်ကောင်စီတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်တပ်ရင်း (၁) နဲ့ ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းမှူးတဦး အပါအဝင် ကိုးဦးကျဆုံးခဲ့ပါတယ်။
 
ဘုတ်ပြင်းမြို့နယ်အတွင်းမှာတော့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးခဲ့သူတွေထဲမှာ စစ်ကြောင်းမှူးတဦးနဲ့ တပ်စိတ်မှူးတဦးလည်းပါဝင်ပြီး လေးဦးစလုံးကတော့ တိုက်ပွဲအတွင်းကျဆုံးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
 
အလားတူပဲ လောင်းလုံးမြို့နယ်အတွင်းမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးနဲ့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပါတယ်။ ကျဆုံးခဲ့တဲ့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထဲက သုံးဦးကတော့ ကျန်းမာရေးမကောင်းတာကြောင့် ကျဆုံးခဲ့တာဖြစ်ပြီး နှစ်ဦးကတော့ တိုက်ပွဲအတွင်းမှာပဲ ကျဆုံးခဲ့တာပါ။
 
” ကျန်းမာရေးအခြေအနေကြောင့် ကျဆုံးတာက ဆေးဝါးအလုံအလောက် ကုသမှုမရလို့ဆိုတာမျိုးတော့ မဟုတ်ဘူး၊ သူတို့က နဂိုကတည်းက ရောဂါအခံလည်း ရှိကြတာ၊ ဒါပေမယ့် သူတို့ရောဂါကို မမှုဘဲ တာဝန်ထမ်းခဲ့ကြတာပါ ” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
ထားဝယ်မြို့နယ်အတွင်းမှာတော့ ထားဝယ်-ထီးခီး ကားလမ်းမကြီးတလျှောက်နဲ့ အနီးအနား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းထားတဲ့ ဗထူးစစ်ကြောင်းက ဒုစစ်ကြောင်းမှူးအပါအဝင် သုံးဦးကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း (၁) ကလည်း တပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့ပါတယ်။
 
သရက်ချောင်းမြို့နယ်ထဲမှာတော့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တဦးနဲ့ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ပြီး သူတို့နှစ်ဦးထဲက တပ်စိတ်မှူးဖြစ်သူကတော့ မေလ ၁၇ ရက်နေ့က လက်နက်ကြီးစမ်းသပ်ရာမှာ မတော်တဆဖြစ်လို့ ကျဆုံးခဲ့တာပါ။
 
မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ၂၀၂၃ ခုနှစ် အစပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ပိုများလာနေသလို နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း ပိုများလာနေပါတယ်။
 
ဒေါန-တင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ငါးထောင်ကျော်လောက်သာ ရှိခဲ့ပေမယ့် အခု ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်မှာတော့ စစ်ရှောင်ဦးရေ နှစ်သောင်းခြောက်ထောင်ကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း(၁)