ဇူလိုင်၊ ၁၀
အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြောင်းချိန် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တွေဟာ စစ်ကောင်စီရဲ့ တရားမဲ့သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောဆိုကြပါတယ်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကိုခန့်လင်းနိုင်၊ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုဇင်ဝေထွန်း၊ ကိုအောင်မျိုးသူနဲ့ ကိုပြည့်ဖြိုးအောင်တို့ ၇ ဦးဟာ ထောင်ပြောင်းရွေ့ရင်း သေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် နဲ့ ကျောင်းသားအင်အားစုတွေက ထုတ်ပြန်ပြောဆိုထားကြပါတယ်။
အဲဒီ ခုနှစ်ဦးအနက် ကိုအောင်မျိုးသူ ဟာ ကျန်းမာရေးမကောင်းလို့ သေဆုံးခဲ့ပြီး ကိုခန့်လင်းနိုင်၊ ကိုမင်းဘုန်းမဟာ၊ ကိုဇင်ဝေထွန်း တို့ သုံးဦးကို ထောင်ပြောင်းစဉ် အချူပ်ကားမှောက်လို့ ထွက်ပြေးစဉ် ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာလို့ စစ်အုပ်စုဖက်က မိသားစုတွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျန်တဲ့ သုံးဦးဖြစ်တဲ့ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီးနဲ့ ကိုပြည့်ဖြိုး တို့ကိုတော့ ဘာကြောင့် သေဆုံးတယ်ဆိုတာ မသိရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက DNA ကိုပြောပါတယ်။
“ ကျိုက်စကောထောင်မှာ နိုင်ကျဉ်းသေဆုံးသူက ခုနှစ်ဦးအထိ ရှိတယ်လို့ အတည်ပြုထားနိုင်တယ်။ တဦးကျတော့ ကျန်းမာရေးမကောင်းလို့ သေတယ်ပြောတာပေါ့။ သုံးဦးကျတော့ ထောင်ပြောင်းရင်း သတ်ခံရတာပါ။ ကျန်သုံးဦးကျတော့ ဘာကြောင့်သေတယ်ဆိုတာ မသိရသေးဘူး။ သူတို့ကတော့ ဒီလိုပဲအကြောင်း အမျိုးမျိုးပြတာပေါ့နော်။ အကြောင်းပြချက်တွေကသာ မတူတာပါ ဖြစ်စဉ်ကတော့ တူတူပဲ၊ ထောင်ပြောင်းချိန် ပစ်သတ်ခံရတာပါ။ အခုဆုံးသွားတဲ့သူတွေထဲမှာ ပြည်သူတွေပါသလို ကျောင်းသားတွေလည်း ပါတယ်၊ သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်မရဘူး “ လို့ နိုင်ကျဉ်းကွန်က ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသား ၇ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ နောက်မှာစပြီး ၂၀၂၂နှစ်ဆန်းပိုင်းလောက်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရသူတွေဖြစ်သလို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၊ ၅၁၊ ၅၂၊ ၅၃ တို့နဲ့ တရားစွဲဆိုထောင်ချခံထားရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူပဲ အဆိုတော် လီလီနိုင်ကျော်ကို သတ်ဖြတ်မှုမှာ စွပ်စွဲအဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးကိုလည်း စစ်အုပ်စုက သက်သေခံပစ္စည်း လိုက်ပြစဉ် ထွက်ပြေးရန် ကြိုးပမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလ ၆ ရက်နေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်ရပ်တွေဟာ တရားမဲ့သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ပြောဆိုကြပါတယ်။
” တရားမဲ့သတ်ဖြတ်တယ်လို့ ပြောလို့ရတာပေါ့။ သေဒဏ်နဲ့ပတ်သက်ပြီး ဒီနေ့အချိန်မှာ အများကြီး အငြင်းပွားနေတယ်။ အမေရိကားမှာလည်း ဒီဟာနဲ့ပတ်သက်ပြီး ငြင်းခုန်နေတယ်၊ တချို့state တွေမှာလည်း ငြင်းခုန်နေတယ်၊ ဖျက်သိမ်းပစ်တာတွေ ရှိနေတယ်။ တချို့နိုင်ငံတွေမှာလည်း သေဒဏ်ပေးသတ်ဖြတ်တာတွေ မလုပ်တော့ဖို့ ဆုံးဖြတ်စဉ်းစားနေတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ တရားဝင်ဥပဒေကြောင်းအရ သေဒဏ်ပေးတာ ရှိတယ်။ နှစ်အကြာကြီး တကယ်သေဒဏ် မစီမံရာက အာဏာသိမ်းပြီးနောက်ပိုင်းမှ လုပ်တာတွေ ရှိနေတယ်။ အာဏာသိမ်းပြီးမှ ပြန်လည်ကျင့်သုံးလာပြီး တရားဝင်စီရင်တာမျိုး မဟုတ်ဘဲ တခြားအကြောင်းပြချက်တွေနဲ့ သတ်ဖြတ်တာတွေက အများကြီးပြဿနာရှိတယ်။ တချိန်ကျရင် ပြန်တာဝန်ယူဖြေရှင်းရမှာတွေ ဖြစ်တယ် ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီနေ့က သေဆုံးသူ ၇ ဦး အပါအဝင် ထောင်ပြောင်းရွေ့ခံရသူ ၂၁ ဦးရှိနေပြီး သူတို့အားလုံးဟာလည်း ပြောင်းရွေ့ဖို့ အမိန့်ကျတဲ့ ထောင်တွေဆီကို ရောက်မလာသေးဘဲ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့လည်း နိုင်ကျဉ်းအဖွဲ့တွေဘက်က ပြောပါတယ်။
” လောလောဆယ်တော့ ခုနှစ်ဦးထက်မနည်း အတည်ပြုနိုင်တယ်၊ လောလောဆယ်စာရင်းထွက်နေတာကိုပဲဲ ပြောတာ၊ လက်လှမ်းမှီသလောက်ပေါ့၊ ဒါပေမယ့် ဒီကောင်တွေပေါ် အယုံအကြည်က လုံးလုံးမရှိတာဆိုတော့ စာရင်းကတော့ ခုနှစ်ယောက်မှာ စာရင်းကတော့ အဲ့ထက်ပိုနိုင်တာပဲ ရှိတယ်၊ ဒီအစွန်းရောက်အကြမ်းဖက် စစ်တပ်က နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ရွှေ့မယ်ဆိုပြီး ဗျူဟာပြောင်းပြီးတော့ စိုးယုတ်နိမ့်ကျတဲ့ ပုံနဲ့ ဒိုက်ဦးထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့မယ်ဆိုပြီး လမ်းမှာ ကားတိမ်းမှောက်တာကို ခြောက်လှန့်ပစ်ခတ်တယ်ဆိုပြီး လုပ်တာဟာ ဒီခုနှစ်ယောက်ကို သတ်တာ၊ ရှင်းလိုက်တာပဲ ဘယ်လိုမှ ငြင်းမရတဲ့ ကိစ္စပဲ ” လို့ နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်မှာ ယခုလ ပထမအပတ်အတွင်း အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကျော်လောက်ဟာ စစ်အုပ်ရဲ့ အကြောင်းအမျိုးမျိုးပြ သတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောဆိုပါတယ်။
ဓာတ်ပုံ – Social Media