ပီအက်စ်ဂျီဟာ သွေးခွဲတတ်တဲ့ အသင်းမျိုးလို့ အမ်ဘက်ပီ စွပ်စွဲ

ဇူလိုင်၊ ၁၀

သူ့ရဲ့ မိခင်ကလပ် ပီအက်စ်ဂျီဟာ သွေးခွဲတတ်တဲ့ ဘောလုံးအသင်းမျိုးလို့ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေအရ အသင်းနဲ့ ကစားသမားကြားက ဆက်ဆံရေးဟာ ပြန်လည်ဖာထေး ပြုပြင်လို့ မရတော့တဲ့ အဆင့်မျိုးထိ ယိုယွင်း ပျက်စီးသွားပြီလို့ ယုံကြည်ရပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်တော့ပြီး နောက်ထပ် အပိုဆောင်း ၁ နှစ် သက်တမ်းတိုးခွင့် ကနဦး သဘောတူညီချက်ကိုလည်း လက်ခံတော့မှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားထားပါတယ်။

ပီအက်စ်ဂျီက တကယ်လို့ ဇူလိုင်လကုန်ထိ အမ်ဘက်ပီက အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်တော့ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရဖို့အတွက် ကစားသမားကို ရောင်းထုတ်မယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အမ်ဘက်ပီက ပီအက်စ်ဂျီမှာ ကစားရတာဟာ သူ့အတွက် ဘာမှ ကြီးကြီးမားမား ကောင်းကျိုး မရှိကြောင်း၊ ပီအက်စ်ဂျီဟာ သွေးခွဲတတ်တဲ့ ကလပ်အသင်း တခုသာဖြစ်ကြောင်း မဂ္ဂဇင်း အင်တာဗျူး တခုမှာ ပြောကြားသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြင်သစ်လီဂူးဝမ်း ချန်ပီယံ အသင်းက အကြီးအကျယ် ဒေါသူပုန် ထနေမယ် ဆိုတာကိုတော့ သံသယရှိဖို့ မလိုပါဘူး။ တနည်းအားဖြင့် အမ်ဘက်ပီရဲ့ ပီအက်စ်ဂျီ အနာဂတ်ဟာ လုံးဝဥဿုံ ဆုံးခန်းတိုင်သွားပြီလို့ ယူဆနိုင်ပါတယ်။

အမ်ဘက်ပီဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကို အသင်းဆီကနေ ပြောင်းရွှေ့လာခဲ့တဲ့နောက် ပီအက်စ်ဂျီ အသင်းနဲ့အတူ လီဂူးဝမ်း ချန်ပီယံဆု ၅ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီကလည်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲပေါင်းစုံမှာ ၄၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ အခုနွေရာသီမှာ အသင်းရဲ့ အဓိက ကြယ်ပွင့် ကစားသမား တဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် လီယွန်နယ် မက်ဆီကိုလည်း ဆုံးရှုံးခဲ့ပြီးပါပြီ။ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကြီးကို ဆွတ်ခူးထားခဲ့တဲ့နောက် မက်ဆီဟာ အမေရိကန် ကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့သွားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီရဲ့ နောက်ထပ် ကြယ်ပွင့် တဦးဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှူး နေမာရဲ့ အနာဂတ်ကလည်း မရေမရာ ရှိနေဆဲလို့ သတင်းတွေက ဖော်ပြထားပါတယ်။

 

Ref: BBC