လမ်းခွဲသွားတဲ့ ဒဟေးယား နေရာမှာ အိုနာနာနဲ့ အမြန်ဆုံး အစားထိုးဖို့ မန်ချက်စတာ ယူနိုက်တက် ကြိုးစားနေ

ဇူလိုင်၊ ၁၀

သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ လမ်းခွဲခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမားသစ် ရှာဖွေရေး အားထုတ်မှုတွေက ပိုမို အရှိန်မြင့်လာခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် စပိန်သားဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့နောက် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးကို စွန့်ခွာသွားပြီဖြစ်ကြောင်း Twitterကနေတဆင့် ပရိသတ်တွေဆီ အသိပေးခဲ့ပါတယ်။ လက်ရှိ အချိန်ဟာ သူ့ဘဝအတွက် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ သင့်တော်တဲ့ ကာလမျိုးလို့လည်း ဒဟေးယားက ဆိုပါတယ်။

တချိန်တည်းမှာပဲ ယူနိုက်တက်ဟာ အင်တာမီလန်ရဲ့ အသက် ၂၇ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင် ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ အပူတပြင်း ချိတ်ဆက်နေပြီ ဖြစ်ပါတယ်။ အီတလီ ဘောလုံးကလပ်ဟာ အိုနာနာအတွက် ယူရို သန်း ၆၀ လောက် အလိုရှိနေပြီး ယူနိုက်တက်က ယူရို သန်း ၅၀ ထက် ပိုမပေးလိုတာကြောင့် ပြောင်းရွှေ့ကြေး ကွာဟချက်ကို ဆက်ပြီး ညှိနှိုင်းနေဆဲပါ။ ကစားသမား ကိုယ်တိုင်ကတော့ အိုင်းယက်စ် အမ်စတာဒမ်မှာ အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးတဲ့ ဆရာဟောင်း အဲရစ်တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်ဆီ ကူးပြောင်းလာဖို့ လိုလိုလားလား ရှိနှင့်နေပြီးသားလို့ ယုံကြည်ရပါတယ်။

လက်ရှိ အခြေအနေမှာတော့ ယူနိုက်တက်ဟာ ဂိုးသမားသစ် ဖြည့်တင်းရေးကို ဦးစားပေး လုပ်ဆောင်နေပေမယ့် တချိန်တည်းမှာလည်း အီတလီကလပ် အတ္တလန္တာ အသင်းရဲ့ အသက် ၂၀ အရွယ် ဒိန်းမတ် တိုက်စစ်မှူးလေး ရက်စ်မူစ် ဟော့ဂျ်လွန်းကို ခေါ်ယူဖို့ပါ ချိတ်ဆက်နေပါတယ်။ ယူနိုက်တက်ရဲ့ ဘောလုံး ဒါရိုက်တာ ဂျွန်မားတော့ဂျ်ဟာ ဟော့ဂျ်လွန်းကို ခေါ်ယူနိုင်ရေးအတွက် အတ္တလန္တာအသင်း တာဝန်ရှိသူတွေနဲ့ အလေးအနက် ဆွေးနွေး ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ယုံကြည်ရပါတယ်။

လက်ရှိ အခြေအနေအရ ယူနိုက်တက်ဟာ ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့် တဦးတည်းကိုသာ ခေါ်ယူ အားဖြည့်ထားနိုင်ပြီး အိုနာနာနဲ့ ဟော့ဂျ်လွန်းတို့ကို ချိတ်ဆက်မှုကတော့ ပီပီပြင်ပြင် ဖြစ်လာနေပါတယ်။ ဒါ့အပြင် အသင်းမန်နေဂျာ တန်ဟန်ဂ်ဟာ နောက်ထပ် တိုက်စစ်မှူး တဦးလောက်ကို ဖြည့်တင်းခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေဆဲလို့လည်း အသင်းနဲ့ နီးစပ်သူတွေက ပြောကြားထားပါတယ်။

 

Ref: ESPN