ဒုတိယအကြိမ်ဖွင့်မယ့် တအောင်းထီ ပထမလထက် ပိုရောင်းရဖို့ မျှော်လင့်တယ်ဆို

ဇူလိုင်၊ ၉
 
ဒုတိယအကြိမ်အဖြစ် အခုလကုန်မှာ ဖွင့်လှစ်မယ့် တအောင်းအောင်ဘာလေထီလက်မှတ် ပထမအကြိမ် အရင်လကထက် ပိုရောင်းရဖို့ မျှော်လင့်တယ်လို့ အဲဒီထီနဲ့ နီးစပ်သူတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
 
” ဒီပထမလ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းတော့ ဖြစ်ပါတယ်ပေါ့။ ကျွန်တော်တို့သိတယ် ဒါ အစပထမလည်း ဖြစ်တယ်ဆိုတော့ ပြည်သူလူထုသိဖို့ အဲ့လောက်လည်း ကြော်ငြာမပေးနိုင်သေးဘူး။ ပြည်သူလူထုကိုလည်း မမျှော်လင့်ဘဲ ချက်ချင်းအကောင်ထည်ဖော်လိုက်ရတယ်ဆိုတော့ တချို့လူတွေက လက်လှမ်းမမှီနိုင်သေးဘူးပေါ့၊ နောက်လတွေလည်း ပိုရောင်းရဖို့ မျှော်လင့်တယ် ” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
 
နွေဦးတော်လှန်ရေးကာလအတွင်း ပညာသင်ခွင့် ဆုံးရှုံးနေတဲ့ တအောင်းဒေသခံတွေရဲ့ ပညာရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတဲ့ တအောင်းအမျိုးသားပညာရေးကော်မတီ ရန်ပုံငွေအဖြစ် တလတကြိမ် ဖွင့်လှစ်မယ့် တအောင်းထီစနစ် ဖွင့်လှစ်ရောင်းချပေးနေရာ အခုလမှာ ဒုတိယအကြိမ် ထီလက်မှတ် ရောင်းချပေးနေပြီ ဖြစ်ပါတယ်။
 
ပထမလ ထုတ်ထားတဲ့ တအောင်းအောင်ဘာလေထီလက်မှတ်တစ်စောင်ကို နှစ်ထောင်နဲ့ရောင်းချပေးခဲ့ပြီး ထုတ်ထားတဲ့ အစောင်ရေ သုံးပုံနှစ်ပုံခန့် ရောင်းကုန်ခဲ့ပြီး သိန်းပေါင်းနှစ်ထောင်ကျော် ရရှိခဲ့ကာ ရောင်းရငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းခန့် သိန်းတစ်ထောင့် နှစ်ရာကျော်ကို ဆုကြေးငွေအဖြစ် ပြန်လည်ပေးအပ်နိုင်ခဲ့တယ် လို့လည်း DNA ရဲ့စုံစမ်းချက်အရ သိရပါတယ်။
 
“ ထီက ပထမလ စစချင်းမှာဆိုတော့ ဒါကတော့ အစပထမလဆိုတော့ ယုံကြည်မှု အပိုင်းက မရှိသော်ငြားလည်း ထုတ်ထားတဲ့ ထီလက်မှတ်ရဲ့ သုံးပုံနှစ်ပုံလောက်တော့ ရောင်းကုန်ခဲ့တာပေါ့။ သိန်းနှစ်ထောင်ကျော် ရောင်းရငွေထဲမှာ မှ သိန်း ၁၂၀၀ ကျော်ကို ဆုကြေးငွေအဖြစ် ပြန်ပေးခဲ့တယ် “ လို့ DNA ရဲ့သတင်းရင်းမြစ်က ဆိုပါတယ်။
 
တအောင်းထီ ရောင်းရခြင်းရဲ့ရည်ရွယ်ချက်အတိုင်း Ta’ang National Education Committee TNEC ပညာရေးအတွက် ရန်ပုံငွေကိုလည်း အထိုက်အလျောက် ပေးနိုင်ခဲ့တယ်လို့လည်း အဲဒီသတင်းရင်းမြစ်က ပြောပေမယ့် ဘယ်လောက်ဆိုတာ မပြောခဲ့ပါဘူး။
 
ပြီးခဲ့တဲ့က ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ပေးခဲ့တဲ့ တအောင်းထီစနစ်မှာ အမြင့်ဆုံးဆုတွေအဖြစ် ကျပ်သိန်း ငါးရာဆု တဆုနဲ့ ကျပ်သိန်း တရာဆု သုံးဆုအပြင် ကျပ်သိန်း ငါးဆယ်ဆု ငါးဆု၊ ဆယ်သိန်းဆု ခုနှစ်ဆု၊ ငါးသိန်းဆု ဆယ်ဆုနှင့် တသိန်းဆု ငါးဆယ်တို့ကို ရွေးချယ်ပေးခဲ့တာပါ။
 
ကျပ်သိန်းငါးရာ နဲ့ ကျပ်သိန်းတရာဆု ကံထူးသူတွေကို ဇူလိုင်လ ၅ ရက်က တအောင်းပြည်နယ် လွတ်မြောက်နယ်မြေတနေရာမှာ ဆုကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ တအောင်း ထီလုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
တအောင်းအရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ တအောင်း အမျိုးသားပညာရေးကော်မတီဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ၂၀၂၂ ခုနှစ်မှာ ဒေသတွင်းပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ စတင်လုပ်ဆောင်ခဲ့ကြပြီး လက်ရှိမှာ အခြေခံပညာကျောင်း ၃၅ဝ လောက် ဖွင့်လှစ်ထားနိုင်ပြီလို့ သိရပါတယ်။
 
ဒါ့အပြင် လာမယ့်နှစ်ထဲမှာ ဆရာ၊ ဆရာမတွေ မွေးထုတ်ပေးနိုင်မယ့် တအာင်းပညာရေး အကယ်ဒမီနဲ့ အဆင်မြင့်ပညာတွေ သင်ကြားနိုင်မယ့် တအာင်းမြေတက္ကသိုလ်တွေ ဖွင့်လှစ်မယ်လို့လည်း တအာင်းအမျိုးသားပညာရေးကော်မတီက အသိပေးထားပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) က CDM ဝန်ထမ်းတွေကို ထောက်ပံ့ရန် အောင်လံလွှင့်ချီ နွေဦးထီ ဆိုတဲ့ အွန်လိုင်းထီကို ၂၀၂၁ခုနှစ်၊ ဩဂုတ် ၁၅ ရက်မှာ ဖွင့်လှစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Ta’ang Lottery