မအလနဲ့ ပန်းသပိတ်

ဇူလိုင်၊ ၉
 
ရေမရော၊ အလေးမခိုးတဲ့ လူထုခေါင်းဆောင်စစ်စစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သူ့ကို ချစ်သူ၊ ခင်သူ၊ လေးစားသူတို့က ပန်းသပိတ် ဆင်နွှဲခဲ့ကြပါတယ်။ တော်လှန်အင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူ တွေကလည်း ဒီသပိတ်ဆင်နွှဲဖို့ ရှေ့ဦးပိုင်းရက်များထဲမှာ လှုံ့ဆော်မှု၊ ဆော်သြမှု တွေ ပြုခဲ့ကြပါတယ်။
 
နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်လွန်းလို့ ရေရော၊ အလေးခိုး ခဲ့တာတောင် လူထုက အသိအမှတ်မပြု၊ အဖက်မလုပ်ဘဲ လူတု (လူအတု)တွေကသာ “အဘ”၊ “အဘ”နဲ့ ပါးလျက်နားလျက်လုပ်လာကြလို့ အခက်တွေ့နေရတဲ့ သတ်ချုပ် မအလအတွက် ဒီသပိတ်ဟာ အရှိုက်ထိစရာ နောက်တစ်ကွက်ဖြစ်ခဲ့ပါတယ်။
 
ဒီတော့ သင်းတို့ဘက်ကလည်း အနှီပန်းသပိတ်ဆိုသဟာကြီး ဖြစ်မလာဖို့ ပိတ်ဆို့၊ ဖျက်ဆီး၊ နှောင့်ယှက်မယ့် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ခင်းခဲ့ကြပါတယ်။ ဘယ်လိုဗျူဟာမျိုးလဲဆိုတော့ လမ်းဆုံ၊ လမ်းခွ၊ စျေးထဲ၊ လူစည်ရာနေရာတွေမှာ စောင့်ကြည့်စေပြီး ပန်းပန်လာသူဆို “ဖမ်း”၊ ပန်းကိုင်လာသူဆို “ဖမ်း”၊ ပန်းသယ်လာသူဆို “ဖမ်း”၊ ပန်းဝယ်လာသူဆို “ဖမ်း”ဆိုတဲ့ ဗျူဟာပါပဲ။ ယုတ်စွအဆုံး ပန်းပင်မှာ ပန်းမပွင့်ရ၊ ဘုရားစင်မှာ ပန်းမရှိရ ဆိုတဲ့အထိတောင်ပေါ့။
 
အဲဒီတစ်နေ့ကတော့ ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်ဆိုသလို ဘာကြောင့်ပန်ပန် ပန်းမပန်ရ၊ ဘာကြောင့် ရောင်းရောင်း ပန်းမရောင်းရ၊ ဘာကြောင့် ဝယ်ဝယ်ပန်းမဝယ်ရ၊ ဘာကြောင့်ပွင့်ပွင့် ပန်းမပွင့်ရဆိုတဲ့နေ့ဖြစ်ခဲ့ရပါ တယ်။ သတ်ချုပ်မအလတို့ စစ်ကောင်စီတစ်သိုက်လုပ်လို့ အဲဒီတစ်နေ့ဟာ မြန်မာနိုင်ငံမှာ တရားဝင် ပန်းရောင်း ဝယ်ဖောက်ကားတဲ့အမှု မပြုရတဲ့နေ့တစ်နေ့အဖြစ်တောင် သမိုင်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။
 
ဒီလိုပိတ်ဆို့တားမြစ်တာတွေကြားက ပန်းပန်ခဲ့သူ၊ ပန်းဝယ်၊ ပန်းသယ်ခဲ့သူ၊ ပန်းနဲ့တွဲ ဓာတ်ပုံရိုက်ခဲ့သူ၊ အွန်လိုင်း လွှင့်တင်ခဲ့သူ အမျိုးသမီးငယ်တွေလည်း စစ်မေးခြင်း၊ ဖမ်းဆီးခြင်းကို ခံခဲ့ကြရတာ ကိုရင်တို့ သတင်းတွေကနေ တွေ့မြင်သိရှိခဲ့ကြရပြီးဖြစ်ပါတယ်။ “ငါဟဲ့ ယောကျ်ား စစ်သား”ဆိုတဲ့ ချိတ်ထဘီဝတ် ပန်းကြောက်သူတို့ရဲ့ ပန်း စစ်ဆင်ရေးကြီးတစ်ရပ် အမျိုးသမီးထုအပေါ် ရွတ်ရွတ်ချွန်ချွန်ဆင်နွှဲခဲ့ကြခြင်းပေါ့။
 
အဲဒီ “ငါဟဲ့ ယောကျ်ား စစ်သား”ဆိုတာကြီးတွေကပဲ ခဲတံကိုင်ကလေးငယ်ပိစိလေးတွေစာသင်နေတဲ့ကျောင်းပေါ် လေယာဉ်တွေနဲ့လာ ဗုံးကျဲ၊ မြေပြင်ဆင်းပစ်ခတ်၊ လက်နက်မဲ့ပြည်သူတွေအပေါ် လေယာဉ်နဲ့လာဗုံးတွေ အစုလိုက် အပြုံလိုက်ကျဲချ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံနဲ့ အနိုင်ကျင့်ဆိုတဲ့ ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲကြီးတွေကိုလည်း သမိုင်းဝင်ဆင်နွှဲခဲ့ကြသေးတာမှ မကြာမတင်လေးကမှပါပဲ။ (ဒါက ကြုံတုန်း အကြွေးသမိုင်းမန်မိုရီကို အသစ်ပြန် ဖော်ယူတာပါ။ မေ့မသွား၊ လစ်ဟာမသွားရလေအောင်ပေါ့။)
 
ဒီလိုနဲ့ လူထုခေါင်းဆောင်ရဲ့ မွေးနေ့လည်း ကျော်လွန်လာ၊ မွေးနေ့အမှတ်တရ ပန်းသပိတ်ဆင်နွှဲမှုလည်း ပြီးဆုံးသွား ခဲ့တယ်ပေါ့။ မပြီးသေးဘဲ ကျန်နေတာကတော့ အနှီ “ငါဟဲ့ ယောကျ်ား စစ်သား”ဆိုတဲ့ ချိတ်ထဘီဝတ် သတ်ချုပ် မအလဦးစီးတဲ့ စစ်ကောင်စီတို့ရဲ့ အကြောက်တရားကြီးပါပဲ။
 
သေနတ်တွေကိုင်ပြီး “သေရဲတဲ့ကောင်ထွက်ခဲ့”လို့ စိန်ခေါ်ရဲခဲ့ကြတဲ့ အာဂစစ်သားကြီးတို့ရဲ့ အကြောက်တရား ဟာ အခုဆို ပန်းကိုတောင် ကြောက်ရတဲ့ ဘူတာအထိ ဆိုက်လာခဲ့ပါပြီ။ အနှီမဟာစစ်သားအုပ်စုလိုက်ကြီးဟာ ခွေးသေးပန်းလို လမ်းဘေးမှာ အလေ့ကျပေါက်၊ အလေ့ကျပွင့်တဲ့ပန်းတွေမြင်ရင်တောင် ရင်တွေခုန်၊ ပန်းတွေတုန် ဖြစ်နေရလို့ နှလုံးငြိမ်ဆေး မပြတ်မှီဝဲနေကြရတယ်လို့လည်း အတွင်းသတင်းတွေကနေ ကိုရင်တို့ ကြားသိရပါတယ်။
 
ဒီလိုနဲ့ပေါ့ ရေမရော၊ အလေးမခိုးတဲ့ လူထုခေါင်းဆောင်ရဲ့ မွေးနေ့အလွန် ရက်ပေါင်း ၁၇ ရက်တိတိအကြာမှာတော့ ရေရော၊ အလေးခိုးတာတောင် လူထုခေါင်းဆောင်မဖြစ်ဘဲ လူတု(လူအတု)တို့ရဲ့ ခေါင်းဆောင်ကြီးအဖြစ်ရောက် ရရှာလေသူကြီးရဲ့ မွေးနေ့ကို ရောက်လာခဲ့ပါတယ်။
အနှီမွေးနေ့ရှင်ကြီးရဲ့ မွေးနေ့မှာလည်း လူထုဘက်က တာဝန်မပျက်ကွက်ခဲ့ပါဘူး။ မွေးနေ့ပွဲကို စည်ကားသိုက်မြိုက် စွာပါဝင်ဆင်နွှဲကျင်းပပေးခဲ့ကြပြန်ပါတယ်။ ဒီတစ်ခါ မွေးနေ့ပွဲက လူထုခေါင်းဆောင်ရဲ့ မွေးနေ့ပွဲထက်တောင် ပိုမြိုင် သေး၊ ပိုစည်သေး၊ ပိုစုံလင်သေးလို့တောင် ပြောလို့ရပါတယ်။ လူထုခေါင်းဆောင်တုန်းက ပန်းတစ်မျိုးတည်းနဲ့သာ ပန်းသပိတ်ဆိုပြီး ကျင်းပပေးခဲ့ရတာဖြစ်ပါတယ်။ တချို့တော့လည်း မွေးနေ့ကိတ်ခွဲပေးတာတို့၊ ဘာတို့လောက် တော့ ရှိကောင်းရှိမှာပေါ့။
 
အခုသတ်ချုပ်မအလရဲ့မွေးနေ့ပွဲမှာတော့ ကိုရင် တီးမိခေါက်မိသိသလောက် သိရတဲ့ကျင်းပပွဲတွေက “မင်းအောင် လှိုင် မအေ……” ဆိုတဲ့စာသားတွေနဲ့ခင်းကျင်းတဲ့ ‘အဆဲသပိတ်’၊ မွေးနေ့ကို သေနေ့အဖြစ်ပြောင်းလဲပေးကာ ကျိန်စာတိုက်တဲ့ ‘နာရေးသပိတ်’၊ ဖိနပ်အောက်မှာ သူ့ပုံကပ်လို့ မြို့အနှံ့လှည့်လည်ကာ “မြေမှာခင်း၊ ခြေမှာနင်းလို့ အပါယ်အမြန်ဆုံးဆင်း”ဆိုတဲ့ ‘ခြေနင်းသပိတ်’စသဖြင့် စုံစုံလင်လင်ကို စီရင်ခင်းကျင်းဆင်နွှဲပေးသွားခဲ့ကြတာ တွေ့ရပါတယ်။
 
အဲ…အဲဒီ့လို မွေးနေ့ပွဲအခင်းအကျင်းတွေထဲ အလန်းဆုံးနဲ့ အဆန်းဆုံးကျင်းပပေးလိုက်တဲ့ ပွဲတစ်ပွဲလည်း ကျန်နေပါ သေးတယ်။ အဲဒါကတော့ ပန်းကြောက်သူကြီးအတွက် အထူးစပယ်ရှယ်ပန်းသပိတ်တစ်ခုကို စီရင်ခင်းကျင်းဆင်နွှဲ ပေးလိုက်တာပါပဲ။
 
သတ်ချုပ်မအလအတွက် စီရင်ကျင်းပပေးလိုက်တဲ့ ပန်းသပိတ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အတွက် ကျင်းပပေးတဲ့ ပန်းပွင့်၊ ပန်းခိုင်၊ ပန်းခက်တွေနဲ့တော့ မဟုတ်ပါဘူး။ ဆုတံဆိပ်တွေပါတဲ့ စစ်ယူနီဖောင်း ကြီးဝတ်လို့ “ငါဟဲ့ ယောကျ်ား စစ်သား”ဆိုတဲ့မာန်အပြည့်ပါတဲ့ သူ့ဓာတ်ပုံပေါ်ကနေ အားပါးတရတက်ခွပြီး ရှူးရှူးနဲ့ပန်းတဲ့ ပန်းသပိတ်ကြီးသာဖြစ်လို့နေပါတယ်။
 
သတ်ချုပ်မအလအပေါ် ရွှဲရွှဲကိုစိုစေတဲ့အထိ စေတနာဗလပွနဲ့ သေသေချာချာဆင်နွှဲပေးဖြစ်လိုက်တဲ့ ခမ်းနားလှတဲ့ ပန်းသပိတ်ကြီးပါပေတကား။
 
ကိုရင်နွေဦး