ကန့်ဘလူမှာ ဘုန်းကြီးကျောင်းကို မိုင်းခွဲဖျက်ဆီးပြီး နေအိမ်တွေကိုမီးရှို့လို့ ဒေသခံနှစ်ထောင်ကျော် စစ်ရှောင်နေရ

ဇူလိုင်၊ ၉
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဘုန်းကြီးကျောင်းတကျောင်းကို မိုင်းခွဲဖျက်ဆီးခဲ့သလို ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တတ်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
“ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဆူးပုတ်ကုန်းရွာ ကို နံနက် ၉ နာရီကျော်လောက်မှာ ဝင်လာတယ်။ သူတို့ဝင်လာပြီးတော့ ပြည်သူပိုင် နေအိမ်သုံးလုံးကို မီးရှို့တယ်။ မီးရှို့ပြီးတော့ ရွာဦးဘုန်းတော်ကြီးကျောင်း ကိုပါ အကြောင်းမဲ့ မိုင်းခွဲဖျက်ဆီးသွားပါတယ်။ ဘာကြောင့် အဲဒီလိုလုပ်သွားတယ်ဆိုတာတော့ မသိရသေးဘူး ” လို့ အဲဒီအဖွဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံက DNA ကို ပြောပါတယ်။
 
အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၇ ရက်က ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းက ထန်းကုန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးလာပြီး ဆူးပုတ်ကုန်းကျေးရွာကို ဝင်ရောက်ကာ ရွာဦးဘုန်းကြီးကျောင်းကို မိုင်းခွဲဖျက်ဆီးပြီး နေအိမ်သုံးလုံးကို မီးရှို့ခဲ့တာပါ။
 
အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ မနက် ၁၀ နာရီအချိန်မှာ ဆူးပုတ်ကုန်းကျေးရွာကနေ ထွက်ခွာလာခဲ့ပြီး ဘိုကုန်း၊ ပေလည်နဲ့ မင်းကုန်းကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို ကျေးရွာတွေကို ဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်ဟာ ညောင်ဇင်ကြီးရွာ ကို ဝင်ရောက်ပြီး နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ လည်းကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားချက်အရ သိရပါတယ်။
 
ထန်းကုန်းတိုက်နယ်ထဲက ညောင်ဇင်ကြီး ကျေးရွာဟာ အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး ယခုနှစ် ဇန်နဝါရီနဲ့ မတ်လထဲမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်စီးမှုကို ခံခဲ့ရတာကြောင့် နေအိမ် ၇၂ လုံး၊ ဆိုင်ကယ် ၁၇ စီး၊ လယ်ယာသုံးထွန်စက် တစီးနဲ့ လက်တွန်းထွန်စက် သုံးစီး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပါသေးတယ်။
 
ကန့်ဘလူခရိုင် အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ရှိပေမယ့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားတာတော့ မရှိသေးဘူးလို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။
 
“ လတ်တလောမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးခဲ့တဲ့ ရွာတွေက ဒေသခံ ၂,၀၀၀ ဝန်းကျင်လောက် နေရပ်ကို ပြန်မဝင်နိုင်ကြသေးဘဲ စစ်ဘေးရှောင်နေရတယ်။ စစ်ဘေးရှောင်ပြည်သူတွေက ပြေးနေရတာဆိုတော့ အစားအသောက် ဆေးဝါးအပါအဝင် အကူအညီတွေ လိုအပ်ပါတယ် “ လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့