ခြောက်လအတွင်း စစ်ကောင်စီဘက်က နှစ်ထောင့်ခြောက်ရာကျော် သေဆုံးခဲ့တယ်လို့ ကေအဲန်ယူ ဗဟိုထုတ်ပြန်

ဇူလိုင် ၊ ၉

ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်အစကနေ ဇွန်လ ၃၀ ရက်အထိ ခြောက်လတာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိတွေ အပါအဝင် စုစုပေါင်း ၂၆၃၂ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲ အရာရှိတွေဖြစ်တဲ့ တပ်ရင်းမှူး ငါးဦး၊ ဒုတပ်ရင်းမှူး ငါးဦး၊ ဗိုလ်ကြီး ကိုးဦးနဲ့ ဗိုလ်အဆင့်ရှိသူ လေးဦး ပါဝင်ပြီး ဒုတပ်ရင်းမှူးတဦးအပါအဝင်စစ်ကောင်စီတပ်သားပေါင်း  ၁၆၈၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရခဲ့တယ်ဆိုတဲ့ စစ်ကောင်စီတပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေက ဘယ်တပ်ရင်းတွေကလဲဆိုတာကိုတော့ ဖော်ပြထားတာမရှိပါဘူး။

ခြောက်လတာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၂၄၉၅ ကြိမ်အတွင်း စစ်ကောင်စီဘက်က အခုလို သေဆုံးဒဏ်ရာရခဲ့တာဖြစ်ပြီး စစ်ဆင်ရေးအတွက် သူတို့အသုံးပြုတဲ့ မော်တော်ယာဉ် ၉၉ စီးကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို KNU ဦးဆောင်မှုအောက်မှာရှိတဲ့ KNLA၊ KNDO နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း တပ်ဖွဲ့ဝင် ၇၆ ဦး ကျဆုံးကာ ၂၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

KNU နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိန်းချုပ်နယ်မြေတွေကို ချဲ့ထွင်နေပြီး စစ်ကောင်စီတပ်တွေကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ လည်း ပြောပါတယ်။

“ကျနော်တို့ ရည်ရွယ်ချယ်ကတော့ တိုင်းရင်းသားနယ်မြေတွေမှာ နေနေဖို့ပဲမဟုတ်ဘူး၊ မြို့ပြတွေအထိ သိမ်းပိုက်နိုင်အောင် ထိုးစစ်ဆင်ဖို့ပါပဲ။ လောလောဆယ်တော့ ဘီအိုင်အေ(နယ်ချဲ့တော်လှန်ရေးခတ်က ဗမာ့လွတ်လပ်ရေးတပ်မတော်) မြန်မာနိုင်ငံထဲကို စစ်ကြောင်းကြီးသုံးကြောင်းနဲ့ ထိုးဖောက်ဝင်ရောက်လာသလိုမျိုးတော့ ထိုးစစ်မဆင်နိုင်သေးဘူး၊ ဒါပေမယ့် ကျနော်တို့ မြို့ပြတွေနားအထိ ချဉ်းကပ်လာနေနိုင်ပြီ၊ စိုးမိုးနယ်မြေတွေလည်း ပိုများလာအောင် ကျနော်တို့ မဟာမိတ်တွေ ပူးပေါင်းပြီးကြိုးပမ်းနေတာရှိတယ်၊  ” လို့ NUG တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်သေခွဲမှူးရုံး တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အရပ်သားတွေ နေထိုင်တဲ့ ဘက်ကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လုပ်လေ့ရှိတာကြောင့် အရပ်သားထိခိုက်မှုတွေလည်း ရှိတယ်လို့ KNU ဘက်က ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ KNU အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ခြောက်သိန်းနီးပါးရှိလာပြီး မိုးရာသီရောက်လာတဲ့အတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာတွေ ရှိနေတယ်လို့လည်း KNU ကထုတ်ပြန်ထားပါတယ်။    

ပုံစာ – စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအပြီးတွေ့ရတဲ့ KNU တပ်မဟာ- ၃ တပ်ဖွဲ့ဝင်တွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်မှာတွေ့ရစဉ်။