ဇူလိုင် ၊ ၈
ဘရာဇီးနိုင်ငံမှာ လူနေ တိုက်တလုံး ရုတ်တရက် ပြိုကျမှုကြောင့် ၈ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၅ ဦး ပျောက်ဆုံးနေပါတယ်။
နိုင်ငံ အရှေ့မြောက်ပိုင်းက ပါနမ်ဘူကို ပြည်နယ်ထဲမှာရှိတဲ့ ရီဆီဖီ မြို့ထဲက ဂျန်ဂါ ဆင်ခြေဖုံး ရပ်ကွက်မှာ ဇူလိုင် ၇ ရက်က အဆောက်အအုံ ပြိုကျမှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အပျက်အစီးတွေထဲက ၄ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူတွေကို အပူတပြင်း ဆက်လက် ရှာဖွေနေပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၈ နှစ်နဲ့ ၅ နှစ်အရွယ် ကလေး ၂ ဦးလည်း ပါဝင်ခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ၄ ထပ်တိုက် အဆောက်အအုံဟာ လုံးဝဥဿုံ ပြားပြားဝပ် ပြိုကျသွားတာကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဝေဟင် ဓာတ်ပုံတွေမှာ မြင်နေရပါတယ်။
မနက် အစောပိုင်းက လူတွေ အိပ်စက်နေချိန်မှာ အဆောက်အအုံ ပြိုကျခဲ့တာ ဖြစ်တာကြောင့်လည်း တိမ်းရှောင်ချိန် မရခဲ့ကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြည်နယ်မြို့တော် ရီဆီဖီဟာ ကမ်းရိုးတန်း မြို့တခုဖြစ်ပြီး လူဦးရေ ၁.၅ သန်းလောက် နေထိုင်ပါတယ်။ မကြာသေးခင် ရက်ပိုင်းက ရီဆီဖီမှာ မိုးသည်းသည်းထန်ထန် နေ့စဉ်ရက်ဆက် ရွာသွန်းခဲ့ပြီး အဲဒီနောက်ဆက်တွဲအဖြစ် မြေသားတွေ ရေတိုက်စားပြီး အခုလို အဆောက်အအုံ ပြိုကျတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။
ပြည်နယ် အုပ်ချုပ်ရေးမှူး ရာကွေးလ် လိုင်ရာက လာမယ့် ရက်ပိုင်းအတွင်း မိုးပိုသည်းလာနိုင်တဲ့ အခြေအနေကို သတိထားဖို့ ဒေသခံတွေကို တိုက်တွန်းထားပြီး အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေး မြှင့်တင်ဖို့လည်း အကြံပြုထားပါတယ်။