အီတလီ သက်ကြီးစောင့်ရှောက်ရေးဂေဟာ မီးလောင်မှုမှာ ခြောက်ဦးသေပြီး ရှစ်ဆယ်ကျော် ဒဏ်ရာရ

ဇူလိုင် ၊ ၈

အီတလီ နိုင်ငံက သက်ကြီးစောင့်ရှောက်ရေး ဂေဟာတခုမှာ မီးလောင်ကျွမ်းလို့ ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

 သက်ကြီး စောင့်ရှောက်ရေး ဂေဟာရဲ့ အိပ်ခန်းတခုထဲမှာ ဇူလိုင် ၇ ရက်က မီးလောင်မှု ဖြစ်ခဲ့တာပါ။ အီတလီရဲ့ အထင်ကရ မြို့ကြီးတခုဖြစ်တဲ့ မီလန်မှာ တည်ရှိတဲ့ ကာဆာဒိုင် ကူနီယူဂီ ဂေဟာရဲ့ ဝန်ထမ်းတွေဟာ မနက် အစောပိုင်းမှာ မြည်ဟည်းလာတဲ့ မီးအချက်ပေး ဥဩသံတွေကြောင့် အလန့်တကြား နိုးထလာကြပါတယ်။

 မီးလောင်တဲ့ အချိန်က သိပ်မကြာလိုက်ပေမယ့် အဖိုးအဖွားတွေကို ရွှေ့ပြောင်းရတာ နှေးကွေးလွန်းတာကြောင့် အခုလို အသေအပျောက်နဲ့ ဒဏ်ရာရမှုတွေ ရှိခဲ့တာလို့ မီလန် မြို့တော်ဝန် ဂူဆက်ပီ ဆာလာက ပြောပါတယ်။ ဂေဟာမှာ နေထိုင်သူ အားလုံးလိုလိုကို လူတွေနဲ့တွဲပြီး ဖြည်းဖြည်းချင်း ရွှေ့ပြောင်းခဲ့ရသလို တချို့ကိုတော့ ဘီးတပ် ကုလားထိုင်တွေနဲ့ ခေါ်ထုတ်ခဲ့ရပါတယ်။

 လောင်ခဲ့တဲ့ မီးရဲ့ပမာဏနဲ့ ယှဉ်ရင် လူ ၆ ဦး သေဆုံးတယ် ဆိုတာက အရမ်းများပြားတဲ့ ဆုံးရှုံးမှုလို့လည်း မြို့တော်ဝန်က ဆိုပါတယ်။ ဒါပေမဲ့ ဂေဟာ ဝန်ထမ်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးတွေရဲ့ အစွမ်းကုန် အားထုတ်မှုတွေသာ မရှိခဲ့ရင် အခုထက်လည်း ပိုဆိုးသွားနိုင်တယ်လို့ ဆာလာက အသိအမှတ် ပြုခဲ့ပါတယ်။

 ၂ ဦးက မီးလောင်သေဆုံးပြီး ၄ ဦးက အသက်ရှူ မွန်းကျပ်လို့ သေဆုံးခဲ့ကြောင်း၊ သေဆုံးသူတွေထဲက ၅ ဦးဟာ အမျိုးသမီးတွေဖြစ်ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ မြို့တော်ဝန် ဆာလာက အလုံပိတ် အခန်းထဲမှာ မီးခိုးလုံးတွေဟာ မီးလျံတွေလိုပဲ လူ့အသက်ကို ဒုက္ခပေးနိုင်တယ်လို့ ပြောပါတယ်။

 မီလန်တောင်ပိုင်းက ကော်ဗက်တို မြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ဂေဟာမှာ ဂရုစိုက် စောင့်ရှောက်မှု လိုအပ်ချက် အတိုင်းအတာ မတူညီကြတဲ့ သက်ကြီးရွယ်အို ၁၆၇ ဦး နေထိုင်တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အယ်လ်ဇိုင်းမား ရောဂါသည်လို ဘိုးဘွားတွေလည်း တော်တော်များများ ပါဝင်နေတယ်လို့ သိရပါတယ်။