အမေရိကန်ရဲ့ လက်ကျန် ဓာတုလက်နက်အားလုံး ဖျက်ဆီးလိုက်ပြီလို့ ဘိုင်ဒန် ကြေညာ

ဇူလိုင် ၊ ၈

အမေရိကန်ဟာ ပိုင်ဆိုင်သမျှ နောက်ဆုံးလက်ကျန် ဓာတုလက်နက် အားလုံးကို ဖျက်ဆီးခဲ့ပြီးပြီလို့ သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာသွားခဲ့ပါတယ်။

 အမေရိကန်ဟာ ဓာတုလက်နက်တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး ဖြစ်ပေမယ့်လည်း ရှိရင်းစွဲ လက်နက်တွေကိုတော့ ဆယ်စုနှစ်တွေနဲ့ချီ ဆက်လက် ထိန်းသိမ်း သိုလှောင်ထားခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ လက်ကျန် ဓာတုလက်နက် မှန်သမျှကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ပြီး ဒီကိစ္စဟာ ဂုဏ်ယူစရာ အောင်မြင်မှု တခုလို့ မှတ်ယူထိုက်ကြောင်း ဘိုင်ဒန်ကင ဆိုပါတယ်။

 သိုလှောင်ထားတဲ့ နောက်ဆုံးလက်ကျန် ဓာတုလက်နက်တွေကို ဘေးကင်းကင်းနဲ့ အမေရိကန်က ဖျက်ဆီးခဲ့ပြီးပြီ ဆိုတာကို ဂုဏ်ယူစွာနဲ့ ကြေညာလိုကြောင်း၊ ဒီအောင်မြင်မှုဟာ ကမ္ဘာကြီးမှာ ဆိုးရွားလှတဲ့ ဓာတုလက်နက်တွေ ကင်းဝေးစေရေး ရည်မှန်းချက်နဲ့ ခြေတလှမ်း ပိုနီးလာစေကြောင်း ဘိုင်ဒန်က ကြွေးကြော်ခဲ့ပါတယ်။

 အမေရိကန်ဟာ ဓာတုလက်နက် ဖျက်သိမ်းရေး ညီလာခံမှာ နောက်ဆုံးမှ ပါဝင်လက်နက်ရေးထိုးတဲ့ နိုင်ငံဖြစ်ပြီး ပြိုင်ဘက် နိုင်ငံတချို့က အမေရိကန် အစိုးရတွေ အနေနဲ့ ဓာတုလက်နက် တချို့ကို လျှို့ဝှက်သိုလှောင်ထားနိုင်ကြောင်း စွပ်စွဲခဲ့ကြဖူးပါတယ်။ အခု ဘိုင်ဒန်ရဲ့ ကြေညာချက်အရ Sarinနဲ့ VXစတဲ့ အဆိပ်ဓာတ်ငွေ့တွေ အပါအဝင် ဓာတုလက်နက်အဆင့် သတ်မှတ်နိုင်တဲ့ ခဲယမ်းမီးကျောက် အားလုံးကို အမေရိကန်က ဖျက်ဆီးလိုက်ပြီ ဖြစ်ပါတယ်။

 ဒါပေမဲ့လည်း ဘိုင်ဒန်ရဲ့ ကြေညာချက်ဟာ အမေရိကန်က ယူကရိန်း စစ်တပ်ကို ရုရှားနဲ့ စစ်ပွဲမှာ အသုံးပြုဖို့ ဗုံးပဒေသာတွေ စတင်ထောက်ပံ့မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဗုံးပဒေသာတွေဟာ ကျယ်ပြောတဲ့ နေရာတွေမှာ ဗုံးအငယ်စားလေးတွေ ပျံ့နှံ့ကျဆင်းပြီး ထိခိုက်ပျက်စီးမှု အကြီးဆုံးဖြစ်အောင် တီထွင်ထားတဲ့ လက်နက် အမျိုးအစားဖြစ်ပြီး နိုင်ငံပေါင်း ၁၂၀ လောက်မှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ ဘိုင်ဒန်ကတော့ ယူကရိန်းမှာ ခဲယမ်းမီးကျောက် လျော့ပါးလာမှုကြောင့် အမေရိကန်က ဗုံးပဒေသာတွေ ထောက်ပံ့ဖို့ စဉ်းစားခဲ့ရတာလို့ ဆင်ခြေပေးထားပါတယ်။ ဒါ့အပြင် လက်ရှိစစ်ပွဲမှာ ရုရှားတပ်တွေက အရင်ကတည်းက ဗုံးပဒေသာတွေ အသုံးပြုနှင့်​ နေခဲ့ပြီး ဖြစ်တယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။ ရုရှားရော၊ အမေရိကန်ပါ ဗုံးပဒေသာတွေ ပိတ်ပင်ရေး သဘောတူ စာချုပ်မှာ ပါဝင်ထားတာမျိုး မရှိဘူးလို့ သိရပါတယ်။