ထန်းတပင်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူသုံး

ဇူလိုင်၊ ၇
 
ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာ မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
 
“ တိုက်ပွဲ ကအတော်လေး ပြင်းထန်သွားတာ၊ သူချကိုယ်ချပဲ၊ ဒီကောင်တွေ မနိုင်တော့ လေယာဉ်နဲ့ပါ နှစ်ခါလောက် ခေါ်ပြီး ပစ်တာပေါ့လေ၊ တိုက်ပွဲက နေ့လယ်လောက်အထိ ဖြစ်သွားတာ ” လို့ အဲ့ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
 
ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာ တိုက်နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကို ဇူလိုင် ၆ ရက် မနက် လေးနာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်လို့ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
 
အဲ့ဒီတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်ကလည်း လေးဦးထက်မနည်း သေဆုံးနိုင်တယ်လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
 
တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
 
နာရီပိုင်းကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် တော်လှန်ရေး ပူးပေါင်းတပ်က တပ်စွဲထားတဲ့ နေရာကနေ ယာယီဆုတ်ခွာခဲ့ကြပြီး မိုးမလင်းခင်မှာဘဲ အဲ့ဒီနေရာကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိနာတာကြောင့် ရဟတ်ယာဉ်တစီးနဲ့ လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
 
“ ကျွန်တော်တို့ဘက်က အဖွဲ့တွေ လူအင်အား အတော်များတယ်၊ နောက်တော့ စုပေါင်းတပ်ဖွဲ့တွေ ပြန်ဝိုင်းပြီး ပြန်တိုက်ကြတယ်၊ ဒီကောင်တွေ အထိနာတယ်၊ ပထမတကြိမ်မှာ အထိနာတော့ ဒီကောင်တွေ လေယာဉ်ခေါ်တယ်၊ ဟက်စကီးခေါ်တယ်၊ ပစ်တယ်၊ ၁၀ ချက် ၁၂ ချက်လောက် ပစ်ပြီး လေယာဉ်က ပြန်သွားတယ်၊ အဲ့ချိန်မှာ တချက် ပြန်ငြိမ်သွားတယ်၊ လေယာဉ်ပြန်တော့ ထပ်ပစ်ကြတယ် ” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့သူက ပြောပါတယ်။
 
အဲဒီနောက် စစ်ကောင်စီဘက်က ဒုတိယအကြိမ် ရဟတ်ယာဉ်နဲ့ ပစ်ကူပေးခဲ့ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လှည်းလမ်းကူးကျေးရွာ ကနေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့လည်း အဆက်မပျက် ပစ်ကူပေးတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တဦး သေဆုံးကာ ရဲဘော်နှစ်ဦးလည်း ခါးနဲ့ ပါးတွေမှာ ကျည်ရှပ်ထိဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လှည်လမ်းကူးကျေးရွာမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ အရင်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု မရှိပေမယ့် အရပ်သားနေအိမ် အဆောက်အဦတွေ ထိခိုက်ပျက်စီး ဆုံးရှုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
 
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အဲဒီညနေပိုင်းမှာပဲ ပြန်လည်ဆုတ်ခွာသွားပေမယ့် လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – Google