ဇူလိုင်၊ ၇
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက အင်ပင်ထီးကျေးရွာက ပျူစောထီးစခန်းကို ဇူလိုင် ၅ ရက်၊ မနက်ပိုင်းက ကင်းထောက်သွားတဲ့ ဒေသကာကွယ်ရေး ရဲဘော်တဦး စစ်ကောင်စီထောင်ထားတဲ့ မိုင်းထိမှန်ပြီး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူကပြောပါတယ်။
“ ကျွန်တော်တို့ရဲဘော်က အင်ပင်ထီး ပျူရွာစခန်းကို ကင်းပတ်ထွက်နေတဲ့အချိန်မှာ မိုင်းထိတာပေါ့။ လက်ရှိ ကျန်းမာရေးအခြေအနေကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပါဘူး။ ထိခိုက်ဒဏ်ရာတွေကတော့ ခြောထောက်ကတော့ ဖြတ်ပစ်ရမှာလား၊ စတီးချောင်းထည့်ရမှာလားတော့ မသိသေးဘူး။ မေးစေ့ကလည်း ဒဏ်ရာအတော်လေးနက်တယ် ” လို့ Royal Eagle People Defense Force – Pale Battalion – 1 တာဝန်ရှိသူက ပြောပါတယ်။
ပျူစောထီးစခန်းကို ကင်းထောက်သွားရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းထိခဲ့တာကြောင့် Royal Eagle PDF က ရဲဘော်ညှပ်စိဟာ မေးစေ့အောက် ဖောက်ဝင်ဒဏ်ရာနဲ့ ခြေထောက်နှစ်ချောင်း မိုင်းထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ လုံခြုံတဲ့နေရာမှာ ဆေးဝါးကုသမှု ခံယူနေသလို ငွေကြေးအကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
“ ကျွန်တော့်တို့ဆီမှာက ဆေးဝါးပစ္စည်း မစုံလင်တာကြောင့် အခြားတနေရာကို သွားကုရတယ်။ ကျွန်တော်တို့ ရဲဘော်အတွက် သွားလာစရိတ်တွေ ဆေးဖိုးတွေ စတဲ့ အထွေထွေကုန်ကျစရိတ်တွေ ရှိပါတယ်။ သူမိုင်းထိတဲ့နေ့က ကျွန်တော်တို့တပ်ရင်းမှာ လည်ပတ်ငွေက အတော်လေး အဆင်မပြေဖြစ်နေတော့ ဆေးကုဖို့အတွက် အခြားဆီကနေ ပိုက်ဆံချေးပြီး ဆေးရုံကို ပို့လိုက်ရတယ်။ ကျွန်တော်တို့ ရဲဘော်အတွက် အကောင်းဆုံးဖြစ်အောင်တော့ လုပ်ဆောင်ပေးသွားမှာပါ ” လို့ Royal Eagle People Defense Force – Pale Battalion – 1 တာဝန်ရှိသူက DNA ကို ပြောပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ် မြေမြှပ်မိုင်း အသုံးပြုတာကို တားဆီးပိတ်ပင်တဲ့ စာချုပ် လက်မှတ်မရေးထိုးထားတဲ့အပြင် စစ်ကောင်စီတပ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေသာမက ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ မြေမြှပ်မိုင်းကို အသုံးပြုနေကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံတဝှန်းမှာ မြေမြှပ်မိုင်းကြောင့် လူပေါင်း ၂၈၈ ဦး ထိခိုက်ခဲ့ပြီး ၁၀၂ ဦးသေဆုံးကာ ၂၀၂၂ ခုနှစ်မှာတော့ သေဆုံးဒဏ်ရာရသူ ၃၉၀ အထိ မြင့်တက်ခဲ့သလို သေဆုံးသူအားလုံးရဲ့ သုံးပုံတပုံဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Royal Eagle People Defence Force – Pale Battalion – 1