စစ်တပ်ရဲ့ ဆိုးယုတ်မှုတွေကို ရပ်တန့်ပစ်ဖို့ လိုနေပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီး သတိပေး

ဇူလိုင်၊ ၇

ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ဟာ အဲဒီ ပြစ်ဒဏ်တွေကနေ ဒဏ်ခတ် မခံရဘဲ ဆက်ပြီး လွတ်မြောက်ခွင့် ရမနေသင့်တော့ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောကြားသွားပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးဟာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အများအပြားကို ရရှိထားပြီး ဖြစ်သလို စစ်တပ်ကလည်း လုံးဝ အဆင်အခြင် မရှိဘဲ အဲဒီလို ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက် ကျူးလွန်နေဆဲလို့ မဟာမင်းကြီး ဗိုကာတက်ခ်က ပြောပါတယ်။

သူရည်ညွှန်းသွားတဲ့ထဲမှာ စစ်တပ်က ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ တရားလက်မဲ့ ကွပ်မျက်မှုတွေ၊ ခေါင်းဖြတ်တာတွေလည်း ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ဖိနှိပ်ခံ ရိုဟင်ဂျာ မျိုးနွယ်စုတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ စစ်တပ်က ပိတ်ပင်ထားတဲ့ ကိစ္စကိုလည်း တက်ခ်က ထည့်သွင်း ထောက်ပြသွားခဲ့ပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရဆီက အာဏာသိမ်းခဲ့တဲ့နောက် ပြည်သူလူထုကို အကြောက်တရားနဲ့ ဖိနှိပ်ထားဖို့ ရည်ရွယ်ပြီး ကြမ်းတမ်း ရက်စက်မှုတွေကို ပိုမို ကျူးလွန်လာတယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အာဏာသိမ်း စစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ကို ပို့ဆောင်ပြီး တရားစီရင်နိုင်အောင် နိုင်ငံတကာ အစိုးရတွေက အလေးထား စဉ်းစားပေးသင့်ပြီလို့ တက်ခ်က ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၆ ရက်က ပြုလုပ်တဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ တက်ခ်က မြန်မာ စစ်အာဏာပိုင်တွေကို ICC ပို့ဆောင်နိုင်ရေး ကိစ္စကို လေးလေးနက်နက် စဉ်းစားပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းလိုကြောင်း ပြောကြားခဲ့တဲ့အပြင် ပြည်တွင်း ပဋိပက္ခတွေအတွင်း နောက်ထပ် ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ သီးခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိခဲ့ရင်လည်း အဲဒီအတွက် တာဝန်ယူမှုရှိအောင် ဆောင်ရွက်စေသင့်ကြောင်း အကြံပြုသွားခဲ့ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံဟာ ကြမ်းကြုတ်ရက်စက်မှုတွေ၊ စိတ်နှလုံး ကွဲကြေစရာ အခြေအနေတွေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း အဆီးအတားမရှိ ကျဆင်းနေတယ်လို့လည်း သူက ဆိုပါတယ်။ တချိန်တုန်းက ပိုမို ငြိမ်းချမ်းပြီး သာယာဝပြောမယ့် အနာဂတ်မျိုးကို မျှော်လင့်ခွင့် ရခဲ့ဖူးတဲ့ ပြည်သူတွေဟာ အခုအခါမှာတော့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး အာဏာမက်မောတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အကြမ်းဖက်ပြီး အကြောက်တရား သွတ်သွင်းမှုတွေနဲ့ ရုန်းကန်နေရတယ်လို့လည်း မဟာမင်းကြီးက ဆက်ပြောသွားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က စနက်တံ မီးရှို့လို့ ထပေါက်ကွဲတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ ၃၇၄၇ ဦးထက်မနည်း ရှိလာပြီး ၂၄၀၀၀ လောက်ဟာ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲလို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။

တက်ခ်က ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက် တိုက်ခတ်သွားတဲ့ နောက်ဆက်တွဲ အခြေအနေတွေမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေကို လေဘေးသင့် ဒုက္ခသည်တွေဆီ မရောက်အောင် တားဆီး ပိတ်ပင်ထားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချသွားပါတယ်။ စစ်တပ်ဟာ ဥပဒေကြောင်း၊ ဘဏ္ဍာရေးနဲ့ ဗျူရိုကရေစီ နည်းလမ်းတွေကို သုံးပြီး အဟန့်အတားတွေ အထပ်ထပ် ချထားတယ်လို့ သူက ဆိုတယ်။

တက်ခ်ရဲ့ တင်ပြချက်တွေထဲမှာ စစ်ကောင်စီရဲ့ ညံ့ဖျင်းမှုကြောင့် ကုန်စျေးနှုန်းတွေ မတရားထိုးတက်ပြီး မြန်မာပြည်သူတွေ ဆင်းရဲကျပ်တည်းကုန်တာ၊ နိုင်ငံစီးပွားရေး ပြိုကျလာတာ၊ သယံဇာတ အလွန်အကျွံ ထုတ်ယူမှုတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတာတွေ အကြောင်းကိုလည်း ထည့်သွင်း ဖော်ပြသွားတာ တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မြင့်တက်လာတာကိုလည်း ရှုတ်ချကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကောင်စီ အစည်းအဝေးမှာ တက်ခ်က ပြောကြားခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ် လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေးဆိုင်ရာ ဝန်ထမ်းဦးရေဟာ ၄၀ ထက်မနည်းရှိပြီး ၂၀၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

တက်ခ်က နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာစစ်တပ်ဆီ စစ်လက်နက်တွေ တင်သွင်းထောက်ပံ့နေတာကို ဖြတ်တောက်ကြဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြာခင်က ကုလသမဂ္ဂမှာ တင်သွင်းထားတဲ့ အစီရင်ခံစာ တစောင်အရ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ ၁ ဘီလီယံဖိုးလောက် ထပ်မံဝယ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

 

Ref: EPA