တူရကီ မက်ဆီလို့ တင်စားခံရတဲ့ လူငယ်ခြေတက်လေး ဂူလာကို ရီးရဲလ်မက်ဒရစ် ခေါ်ယူ

ဇူလိုင်၊ ၆

တူရကီ ဘောလုံးလောကရဲ့ အတောက်ပဆုံး အနာဂတ် ကြယ်ပွင့်အဖြစ် ညွှန်းဆို ခံရသူ အာဒါဂူလာကို စာချုပ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကမ္ဘာကျော် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခံရပြီး တူရကီမက်ဆီလို့ ချစ်စနိုး ခေါ်ဝေါ်ခံရတဲ့ ဂူလာဟာ ဖီနာဘာချီကနေ ရီးရဲလ်ကို ကူးပြောင်းလာပြီး ၆ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ သူဟာ တူရကီ ကလပ်မှာ ခြေစွမ်းပြ ကစားရင်း လျင်လျင်မြန်မြန် တိုးတက်လာတဲ့နောက် ဥရောပ ထိပ်သီးတွေက ဝိုင်းဝန်း စိတ်ဝင်စားလာတဲ့အချိန် ရီးရဲလ်က လက်ဦးမှု ယူသွားခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ လကလည်း တူရကီ လက်ရွေးစင် အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပြီးပါပြီ။

ရီးရဲလ်ဟာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ညာတောင်ပံ တိုက်စစ်သမား မာကို အဆန်စီယိုရဲ့ နေရာမှာ အသက် ၁၈ နှစ်အရွယ် လူငယ်ခြေတက်လေးနဲ့ ရဲရဲရင့်ရင့် အစားထိုးခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရီးရဲလ်ဟာ အသက်အရွယ် ရလာပြီဖြစ်တဲ့ ဝါရင့် ကစားသမားကြီးတွေ နေရာမှာ အရည်အချင်း ပြည့်ဝတဲ့ တက်လူတွေနဲ့ အစားထိုးဖို့ ပီပီပြင်ပြင် အကောင်အထည် ဖော်နေပြီး ဂူလာအပြင် ဂျုဒ်ဘယ်လင်ဂမ်၊ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ အော်ရယ်လီယန် ချူအာမန်နီ၊ အီဒွာဒို ကာမာဗင်ဂါတို့လို ငယ်ရွယ်ပြီး ခြေစွမ်းထက်တဲ့ လူငယ်တွေကို ပစ်မှတ်ထား ခေါ်ယူထားပြီး ဖြစ်ပါတယ်။ 

ရီးရဲလ်ဟာ ဂူလာရဲ့ ပြောင်းရွှေ့ကြေးကို မထုတ်ပြန်ပေမယ့်လည်း ယူရို သန်း ၂၀ ဝန်းကျင် ဖြစ်နိုင်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။  

 

Ref: Guardian