AA နဲ့ ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်တဦး ရဲစခန်းအချုပ်မှာ သေဆုံး

ဇူလိုင်၊ ၆
 
ရခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရပြီး အမ်းမြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တဦးကို ရဲစခန်းက အချိန်မီ ဆေးကုသခွင့် မပေးခဲ့တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့က သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ အဲဒီအမှုမှာ လိုက်ပါကူညီနေသူတွေက ပြောကြပါတယ်။
“ သူက နေမကောင်းတာ ကြာပြီ၊ အသက်ရှုလည်း ကျပ်တယ်၊ ဖျားလည်း ဖျားတယ်၊ အရင်လ ရုံးချိန်းကဆိုရင် အသက်ရှုကျပ်နေတယ်လို့ ပြောတယ်၊ ကျွန်တော်တို့ ဆေးကုခွင့်တောင်းပေမယ့် ဆေးကုခွင့် မပေးဘူး၊ အသည်းအသန်ဖြစ်တော့မှ ရဲစခန်းကနေ ဆေးရုံပို့ပေးခဲ့တာ ” လို့ သေဆုံးသွားသူရဲ့မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၂၉ နှစ်အရွယ် ကိုမောင်သန်းစိုး ဆိုသူ မင်းပြားမြို့နယ် နားဒင်ကျေးရွာသား ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလ ကတည်းက ဖမ်းဆီးခံရကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)နဲ့ အမ်း ရဲစခန်းမှာ အမှုဖွင့်ခံထားသူလို့ သိရပါတယ်။
ကိုမောင်သန်းစိုးဟာ မသေဆုံးခင် တနာရီလောက်အလိုကမှ ဆေးရုံတက်ကုသခွင့်ရခဲ့ပြီး သေဆုံးပြီးတော့မှ မိသားစုက သိခွင့်ရခဲ့တယ်လို့လည်း သူ့ရဲ့မိသားစုဝင်က ပြောပါတယ်။
 
အမ်းရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတွေဟာ AA နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေကို ရိုက်နှက်၊ နှိပ်စက်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပြီး အစားအသောက် ပုံမှန်မကျွေးတာ၊ ဆေးကုခွင့် မပေးတာ စတဲ့ဖိနှိပ်မှုတွေကို ပြုလုပ်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
 
“ အခု သေတာက နေမကောင်းတာရော၊ နှိပ်စက်ခံရတဲ့ ဒဏ်တွေရော ပါတာပေါ့၊ အမ်းရဲစခန်းက တခြားရဲစန်းတွေထက် ပိုပြီးတော့ အချုပ်သားတွေကို ဖိနှိပ်တယ်၊ AA နဲ့ ဆက်စပ်ရင် ပိုတောင် အရိုက်ခံကြရတယ်၊ ရေလည်း ချိုးခွင့်ပေးချင်မှ ပေးတာ၊ ထမင်းဆိုလည်း ၀အောင် မကျွေးဘူး ” လို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အမ်းမြို့ဟာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မြို့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခုလိုမျိုး AA နဲ့ ဆက်စပ်ဖမ်းဆီးခံရပြီး ရဲခစန်းအချုပ်နဲ့ စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့ရသူတွေဟာ အရင် နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေတဲ့ကာလတွေအတွင်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနကတော့ အမ်းမြို့ ရဲစခန်းအချုပ်ထဲမှာ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အမျိုးသမီးတဦး ဆေးကုသခွင့်မရလို့ သေဆုံးခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
 
အခုလိုမျိုး ဆေးကုခွင့် မပေးတာဟာ အချုပ်သားအခွင့်အရေး နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူ တဦးက ထောက်ပြပါတယ်။
 
အမ်းရဲစခန်းအချုပ်မှာ သေဆုံးခဲ့ရတဲ့ ကိုမောင်သန်းစိုး ဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းဖို့ အမ်းရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ လေးထောင်နီးပါးထဲမှာ ဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးသူပေါင်း ၁၂၈၄ ဦးအထိ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန် ထားပါတယ်။
 
ဓာတ်ပုံ – နိရဉ္စရာ