ဘီးလင်းမှာ အမျိုးသားတဦးမြေမြှပ်မိုင်းနင်းမိပြီး အသက်အန္တရာယ်စိုးရိမ်နေရ

ဇူလိုင်၊ ၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကိုဖြစ်သူနဲ့ စကားများပြီး နေအိမ်ကနေ ထွက်လာတဲ့ အမျိုးသားတဦးလမ်းမှာ မြေမြှပ်မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ ညီအကိုနှစ်ယောက်ပဲ၊ သောက်စားနေရင်းနဲ့ အိမ်မှာပေါ့၊ အဲဒါစကားများကြတာ၊ စိတ်ဆိုးပြီး ထွက်သွားတာ သူ့ညီကပေါ့၊ ဒီတိုင်း ပဲ လမ်းလျှောက်သွားတာ၊ သိမ့်မကြာဘူး၊ ပေါက်ကွဲတဲ့အသံကြားတော့ သွားကြည့်တာ၊ သွေးတွေအများကြီးနဲ့ လမ်းမှာ လဲကျ နေတာ။” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာ၊ ရှမ်းစုပိုင်းနေ နေအိမ်တလုံးမှာ ညီအကိုနှစ်ယောက်က ဇူလိုင်လ ၅ ရက် ၊ည ၇ နာရီခန့်မှာ အရက်အတူသောက်နေရာမှ စကားများကြပြီးနောက် ညီဖြစ်သူက နတ်ကြီး-ရှမ်းစုကျေးရွာအနီး နတ်ကြီး-ဘင်ဘန်းသွားရာ ကားလမ်းမဘက်ကို လမ်းလျှောက်ထွက်ခဲ့ရာမှ မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနိုင်းမိတာကြောင့် အသက် သုံးဆယ် နှစ်အရွယ် ကိုဇော်ဝမ်းဟာ ယာဘက်ပါးပေါက်ပြဲ၊ ယာဘက်လက်ကောက်ဝတ် ပေါက် ပြဲ၊ ဒူးခေါင်းနဲ့ ပေါင်တွေမှာ မိုင်းစဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရ တယ်လို့ ဆိုပါတယ်။

“ ဒဏ်ရာက အတော်လေးများတယ်၊ သွေးအထွက်လည်း လွန်သွားတယ်၊ အခုက ဆေးရုံမှာ‌ အသက်လုနေရတဲ့ အခြေအနေပဲလို့ အကိုတို့ သိထားတယ်။” လို့ အဲဒီဒေသခံက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ ဝါဒဖြန့်လူမူကွန်ယက်စာမျက်နှာတွေမှာတော့ ဒီမြေမြှုပ်မိုင်းဟာ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်PDF တွေဘက်က ထောင်ထားတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ဒီလိုမျိုးရွာသားတွေ သွားလာလှုပ်ရှားနေတဲ့နေရာမျိုးတွေဆိုရင် ပူးပေါင်းတပ်ဖွဲ့ဘက်က မြေမြှုပ်မိုင်းထောင်ထားတာမျိုးမရှိဘူးလို့ ငြင်းဆိုပြီး စစ်ကောင်စီဘက်က သူတို့စစ်ကြောင်းထိုးဝင်ရောက်ပြီး လမ်းတလျှောက်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားလေ့ရှိတယ်လို့ DNA ကို ပြောပါတယ်။

“စစ်တပ်ဘက်က လမ်းတွေဘာတွေ ဖျက်ဆီးပြီးနောက်ပိုင်းမှာ ရာဘာခြံတွေ၊ ဥယျာဉ်ခြံတွေ အဲလိုနေရာမျိုးတွေမှာ သူတို့ မိုင်း တွေ လိုက်ထောင်ထားတာရှိတယ်၊ ကားလမ်းမတွေနဲ့ မနီးမဝေးနေရာတွေဆို ပိုဆိုးတယ်၊ သူတို့ဘက်က ကျွန်တော်တို့ဘက်ကို စစ်ကြောင်းထိုးပြီးနောက်ပိုင်းက မိုင်းတွေ ထောင်ပြီး ပြန်သွားကြတာရှိတယ်။ ကျွန်တော်တို့က ဒီဘက်မှာက ရွာသားတွေက ဥယျာဉ်ခြံမြေသွားလာတာမျိုးတွေ ရှိတော့ ကျွန်တော်တို့ မိုင်းထောင်တာမျိုးတွေ မရှိဘူးညီ။” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။

DNA က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ယနေ့အထိ မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်စဉ် ဆယ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူများလည်း ရှိသလို တချို့ဆို ခြေလက်ဆုံးရှုံးလိုက်ရကာ ဒုက္ခိတနဲ့ ဘဝကို ဖြတ်သန်းနေရတဲ့သူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ် မြေမြှပ်မိုင်းအသုံးပြုတာကို တားဆီးပိတ်ပင်တဲ့စာချုပ်လက်မှတ်မရေးထိုးထားတဲ့အပြင် စစ်ကောင်စီတပ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေသာမက ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ မြေမြှပ်မိုင်းကိုအသုံးပြုနေကြတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ နိုင်ငံတဝှန်းမှာမြေမြှပ်မိုင်းကြောင့် လူပေါင်း ၂၈၈ ဦးထိခိုက်ခဲ့ပြီး ၁၀၂ ဦးသေဆုံးကာ ၂၀၂၂ ခုနှစ်မှာတော့ သေဆုံးဒဏ်ရာရသူ ၃၉၀ အထိမြင့်တက်ခဲ့သလို သေဆုံးသူအားလုံးရဲ့ သုံးပုံတပုံဟာ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။