ဝက်လက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့အရပ်သား ခုနစ်ဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ဇူလိုင် ၊ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၆ ရက် ဒီကနေ့ မနက် ၆ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့လို့ အမျိုးသမီးလေးအပါအဝင် အရပ်သားခုနစ်ဦးကို သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

“ရွာသာကြီးဘက်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်က ဒီကနေ့မနက် ၄ နာရီလောက်မှာ ရွှေပန်းကုန်းရွာနဲ့ သမ္မာရိုးရွာကြားမှာရှိတဲ့ ကားလမ်းပေါ်ကနေ သမ္မရိုးရွာထဲကို သေနတ်တွေရမ်းသမ်းပစ်ပြီးတော့ ဝင်လာတယ်။ ရွာထဲက ပြည်သူပိုင်နေအိမ်တလုံးကိုမီးရှို့ခဲ့သလို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခဲ့လို့ ဈေးသည် ခုနစ်ဦးသေဆုံးခဲ့တာဖြစ်တယ်”လို့ Wetlet Information Network တာဝန်ရှိသူက DNA ကိုပြောပါတယ်။

အင်အားခြောက်ဆယ်ခန့်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ဈေးသည်ခုနစ်ဦးဟာကူးတို့ကိုင်းရွာသူအသက်လေးဆယ်အရွယ် မဖြူ၊ သမ္မာရိုးရွာကအသက် ငါးဆယ်အရွယ် မနှင်းလှိုင် ၊ အသက်လေးဆယ်အရွယ်မအေးနုဝင်း နဲ့မမွေလီ၊အသက်ငါးဆယ်အရွယ် ဦးဖိုးလွင်၊အသက်ခြောက်ဆယ်အရွယ် ဦးသိန်းလှိုင် နဲ့ရွှေပန်းကုန်းရွာသား အသက်သုံးဆယ်အရွယ်ကိုမိုးဝေ တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

အဲဒီ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ဒီကနေ့မနက် ၅ နာရီဝန်းကျင်က သမ္မာရိုးရွာထဲမှာ  ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တာဖြစ်ပြီး  ဒီကနေ့မှာပဲ နေ့ချင်းသင်္ဂြိုလ်ခဲ့တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သား ခြောက်ဦးလက်နက်ငယ်ထိမှန်ခဲ့သလို ဒေသခံ ၁၄ ဦးကိုလည်း ဓားစာခံအဖြစ် အရာတော်မြို့နယ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၃ ဦးကိုသာပြန်လွှတ်ပေးခဲ့ပြီး တဦးဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ ဝက်လက်မြို့နယ်သတင်းမှန် ပြန်ကြားရေးက ဖော်ပြထားပါတယ်။

အရပ်သားခုနစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘူလို့  Wetlet Information Network တာဝန်ရှိသူက ဆိုပါတယ်။

“မနေ့ညက(ဇူလိုင် ၅ ရက်) ရွှေဘိုဘက်ကနေ စစ်ကောင်စီကားသုံးစီးနဲ့ ထွက်လာတယ်။ လမ်းတလျှောက်မှာလဲ သေနတ်တွေဖောက်ခဲ့ပြီးတော့မှ ရွာသာကြီးကိုရောက်တယ်ပေါ့။ ဇူလိုင် ၆ ရက် နံနက် ၄ နာရီလောက်မှာ ရွာသာကြီးကနေအနောက်ဘက်ကိုထွက်လာပြီး လမ်းတလျှေက်လုံး လက်နက်ငယ်တွေပစ်ပြီးတော့ သမ္မရိုးရွာထဲကိုဝင်တယ်။ လက်နက်ငယ်နဲ့ပစ်ခတ်လို့ ဈေးသည်ခုနစ်ဦး သေဆုံးသွားတာပါ။ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဘာတိုက်ပွဲမှဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လမ်းတလျှောက်လုံး သူတို့တိုက်ခိုက်ခံရမှာကြောက်လို့ ရမ်းသမ်းပစ်သွားတာ”လို့ Wetlet Information Network တာဝန်ရှိသူက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက သမ္မရိုးရွာထဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် မူးမြစ်ကူးတံတားကနေ အရာတော်မြို့နယ်ဘက်ကို သေနတ်ပစ်ဖောက်ပြီး ဆက်လက်ထွက်ခွာသွားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတဲ့ သမ္မာရိုးကျေးရွာဟာ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာတည်ရှိပြီး ရွာရဲ့အနောက်ဖက်မှာတော့ မူးမြစ်နဲ့အရာတော်မြို့နယ်တို့ ထိစပ်နေတယ်လို့ သိရပါတယ်။

မနေ့ကတော့ အရာတော်မြို့နယ်ထဲက ပျူစောထီးရွာအဖြစ် လူသိများတဲ့ ငွေတွင်းရွာကို PDF တပ်ဖွဲ့တွေက လာ ရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့် အဲ့ဒီရွာခံ ၁၅ဦးသေဆုံးခဲ့သလို သံဃာသုံးပါးအပါအဝင် ခုနစ်ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ 

မနေ့က တိုက်ခိုက်ခံရတဲ့ အရာတော်မြို့နယ်ငွေတွင်းရွာနဲ့ ဒီကနေ့ စစ်ကောင်စီက ဒေသခံတွေကို ပစ်ခတ်သတ် ဖြတ်ခဲ့တဲ့ ဝက်လက်နယ် သမ္မရိုးရွာတို့ဟာ ဆယ်မိုင်လောက်သာ ဝေးပါတယ်။

 ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သမ္မာရိုးရွာက နေအိမ် ၂၇၀ ကျော် မီးလောင်ပြာကျထားပြီး ဖြစ်ပါတယ်။