ရန်ကုန်မှာ နိုက်ကလပ်နဲ့ ဘားတွေကို စစ်ကောင်စီရှောင်တခင်စစ်ဆေးမှုတွေလုပ်၊ စင်တင်ဖျော်ဖြေသူတွေကို ဂီတအစည်းအရုံးမှာအသင်းဝင်ခိုင်းနေ

ဇူလိုင် ၊ ၆

ရန်ကုန်မြို့အတွင်းမှာရှိတဲ့ နိုက်ကလပ်နဲ့ ဘားတွေကို စစ်ကောင်စီရဲ့နေပြည်တော်အထူးရဲတပ်ဖွဲ့ကည၁၁နာရီနောက်ပိုင်းမှာ ရှောင်တခင်စစ်ဆေးမှုတွေလုပ်နေပြီး တချို့ကိုတော့ ဆိုင်ပိတ်သိမ်းတဲ့အထိ လုပ်ဆောင်နေတယ်လို့ ဆိုင်တွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

‘’ အထူးတပ်ဖွဲ့တဲ့ အစုံပဲ ဝင်ဖမ်းတာရဲနဲ့စစ်သားတွေအများကြီးပဲ။ အရင်လကအကြောင်းကြားစားပို့တော့ လိုင်းကြေးပေးပြီးဆက်လုပ်နေတာ။ အခုလာဖမ်းတာ တခြားအဖွဲ့လို့လည်းပြောတယ်။ ဆိုင်ကိုအပြီးပိတ်ခိုင်းထားတော့ ဘာဆက်ဖြစ်မယ်မသိရသေးဘူး’’ လို့ နိုက်ကလပ်တခုက မန်နေဂျာက DNA ကိုပြောပါတယ်။

နိုက်ကလပ်နဲ့ကားတွေကို ည ၁၁နာရီနောက်ပိုင်းမဖွင့်ဖို့ ကန့်သတ်ချက်တွေကိုတော့ ပြီးခဲ့တဲ့ဇွန်လကတည်းကစတင်ကန့်သတ်ခဲ့တာဖြစ်ပြီးအခုလထဲမှာတော့  တီးဝိုင်းနဲ့ စင်တင် တေးဂီတတွေကိုပါရပ်နားခိုင်းတာတွေရှိလာတယ်လို့ဆိုကြပါတယ်။

 သီချင်းဆိုဖျော်ဖြေသူတွေနဲ့ တီးခတ်သူတွေကို မြန်မာနိုင်ငံဂီတအစည်းအရုံးမှာ အသင်းဝင်အဖြစ် လျှောက်ထားဖို့ကိုထုတ်ပြန်ထားတာဖြစ်ပြီး ဆိုင်တွေအနေနဲ့လည်း ဖျော်ဖြေရေးလိုင်စင်တွေလျောက်ထားဖို့ကို ရန်ကုန်တိုင်းစီမံချက်နဲ့လုပ်ဆောင်ခိုင်းနေတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။

‘’အရင်ထဲက ဒါတွေလိုတယ် ဒါတွေလုပ်ထားဆိုတော်သေးတယ်။ အခုက ဝန်ထမ်းတွေလည်းအလုပ်နားခံရပြီးအလုပ်နောက်တခုဆိုတာလည်းမလွယ်ဘူး။

ဖွင့်ခွင့်ရတဲ့ဆိုင်တွေကလည်း အခုအခြေအနေနဲ့လူသစ်ထပ်ခေါ်မှာမဟုတ်ဘူး။  အလုပ်လက်မဲ့ဖြစ်သူတွေများကုန်တယ်’’ လို့  ရန်ကုန်မြို့က Unplugged Band ဆိုင်ဝန်ထမ်းတဦးကဆိုပါတယ်။

 ရန်ကုန်မြို့မှာ အခုဇူလိုင်အစောပိုင်းကစပြီး ဖမ်းဆီးခံရတဲ့ နိုက်ကလပ်နဲ့ဘား ရှစ်ဆိုင်အထိရှိတယ်လို့လည်း ဆိုင်တွေနဲ့နီးစပ်သူတွေကဆိုကြပါတယ်။

ဒီလို နိုက်ကလပ်နဲ့ဘားတွေ ကိုစစ်ဆေးမှုနဲ့ ပိတ်သိမ်းမှုတွေနဲ့အတူ တင်းကျပ်မှုတွေရှိနေပေမယ့် ဆိုင်တချို့ကတော့ စစ်ကောင်စီတပ်တွေထံလိုင်းကြေးပေးပြီး ညလုံးပေါက်ဖွင့်နေတာတွေလည်းဆက်ရှိနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေကဆိုကြပါတယ်။

 စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာတော့ ည ၁၂နာရီကနေ မနက် ၄နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။