ဇူလိုင် ၊ ၆
၁၂ နှစ်လောက်ကြာအောင် သိုလှောင်ထားခဲ့ရတဲ့ ရေဒီယို သတ္တိကြွ ရေတွေကို ပင်လယ်ထဲ ဖောက်ထုတ်ဖို့ ဂျပန်ရဲ့ အစီအစဉ်ကို ကုလသမဂ္ဂက လက်ခံ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။
၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုကို အအေးပေးခဲ့တဲ့ ရေတွေကို ဂျပန်က သိုလှောင် သိမ်းဆည်းထားခဲ့ပါတယ်။ အဲဒီ ရေတွေမှာ နျူကလီးယား အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ဖယ်ရှားထားပြီးတဲ့နောက် အခုနှစ် ဧပြီလထဲမှာ ပင်လယ်ထဲ စွန့်ထုတ်တော့မယ်လို့လည်း ဂျပန်က ပြောပါတယ်။
ရေပမာဏ ဂါလံ သန်းပေါင်းများစွာကို ဆက်ပြီး သိုလှောင်ထားဖို့ နေရာမရှိတော့တဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တာပါ။ အဲဒီရေတွေကို ပြန်လည် သန့်စင်ပြီး ဖြစ်တာကြောင့် အန္တရာယ် မရှိဘူးလို့ ဂျပန်က ပြောပေမယ့် တရုတ်၊ တောင်ကိုရီးယားနဲ့ ဒေသတွင်း နိုင်ငံငယ်တွေ၊ ဂျပန်က ကမ်းရိုးတန်း ငါးဖမ်းလုပ်သားတွေကတော့ သဘာဝ ပတ်ဝန်းကျင် ညစ်နွမ်းမှုနဲ့ ဂေဟစနစ်ကို ထိခိုက်တာတွေ ဖြစ်ပေါ်လာမှာ စိတ်ပူနေကြပါတယ်။
ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေး ဌာနဖြစ်တဲ့ အက်တမ်စွမ်းအင် အေဂျင်စီက ဂျပန်ရဲ့ ရေဒီယို သတ္တုကြွရေ သန့်စင်မှု နည်းလမ်းတွေကို အသေးစိတ် ဆန်းစစ်ခဲ့တဲ့နောက် ပင်လယ်ပြင် သဘာဝ ပတ်ဝန်းကျင်နဲ့ လူသားတွေရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှု မရှိဘူးလို့ စိတ်ချယုံကြည်ရကြောင်း ထောက်ခံချက် ပေးခဲ့ပါတယ်။
ဂျပန်ဟာ ဓာတ်ပေါင်းဖိုအတွက် အအေးပေးခဲ့တဲ့ ရေတွေကို သိုလှောင်ဖို့ ရေလှောင်ကန် အကြီးစား အခု ၁၀၀၀ လောက်ကို တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဝင်ဆံ့တဲ့ ရေပမာဏဟာ ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပြည့်သွားတော့မှာ ဖြစ်တာကြောင့် သန့်စင်ထားပြီး ရေဒီယို သတ္တိကြွ ရေတွေကို ပြန်လည် စွန့်ပစ်ဖို့ လိုအပ်လာတာပါ။
ရေလှောင်ကန်တွေထဲက ရေတွေကို ဖောက်မချခင် အတောအတွင်း ဂျပန်နဲ့ ဒေသတွင်း နိုင်ငံတချို့မှာ ပင်လယ်ရေက ချက်လုပ်တဲ့ ဆားတွေနဲ့ ပင်လယ်စာတွေကို ဝယ်လိုအား သိသိသာသာ မြင့်တက်လာနေပါတယ်။ ရေဒီယို သတ္တိကြွ ရေတွေ ဖောက်ချပြီးချိန်မှာ ပင်လယ်ပြင်ကနေ ရရှိမယ့် အစားအသောက် ရင်းမြစ်တွေရဲ့ လုံခြုံဘေးကင်းမှုကို စိတ်မချတာကြောင့် အခုလို ကတိုက်ကရိုက် စုဆောင်းပြင်ဆင်မှုတွေ ရှိလာတာပါ။
၂၀၁၁ တုန်းက တိုဟိုကူ ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၉.၁ အဆင့် ရေအောက် ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ပေ ၁၃၀ ကျော်ထိ မြင့်မားတဲ ဆူနာမီ ရေလှိုင်းတွေဟာ ဂျပန်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး သဘာဝ ဘေးအန္တရာယ် တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် ဖူကူရှီးမားဒိုင်ချီ ဓာတ်အားပေး စက်ရုံက ဓာတ်ပေါင်းဖို ကွဲအက်ခဲ့တဲ့အပြင် လူပေါင်း ၂၂၀၀၀ ကျော် သေဆုံးခဲ့သလို ပျက်စီး ဆုံးရှုံးမှု တန်ဖိုးကလည်း ဒေါ်လာ ၃၆၀ ဘီလီယံလောက်ထိ များပြားခဲ့ပါတယ်။