မောင့်ရဲ့ ကျောနံပါတ်ကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကြား အငြင်းပွား

ဇူလိုင် ၊ ၆

အခု နွေရာသီ စျေးကွက်မှာ ပထမဆုံး ကစားသမားသစ် ဖြည့်တင်း ခေါ်ယူမှု အနေနဲ့ မေဆန်မောင့်ကို မိတ်ဆက်ရင်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရိသတ်တွေကြား အငြင်းပွားစရာ အခြေအနေ တခုကိုပါ ယူဆောင်လာခဲ့ပါတယ်။

 ချဲလ်ဆီးကနေ စတာလင်ပေါင် ၅၅ သန်းနဲ့ ခေါ်ယူထားတဲ့ အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူကို ဇူလိုင် ၅ ရက်မှာ ယူနိုက်တက်က တရားဝင် ပွဲထုတ် မိတ်ဆက်ခဲ့ပါတယ်။ ပြီးတော့ မောင့်ဟာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်မယ်လို့လည်း အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

 အဲဒီနောက်မှာတော့ လူမှုကွန်ရက်တွေမှာ မောင့်အနေနဲ့ ကျောနံပါတ် ၇ ရသင့်သလား၊ မရသင့်ဘူးလား ဆိုတာကို ပရိသတ်တွေကြား အပြန်အလှန် ဆွေးနွေး ငြင်းခုံမှုတွေ၊ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတော့တယ်။

 ယူနိုက်တက်မှာတော့ ကျောနံပါတ် ၇ ဟာ သာမန်ထက် အများကြီး လေးနက်တဲ့ အဓိပ္ပါယ်မျိုးတွေ ရှိနေပါတယ်။ အသင်းရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ဒင်းနစ်လော၊ ဂျော့စ်ဘက်စ်တို့ကစလို့ ဒေးဗစ်ဘက်ဟမ်း၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ လက်ထက်ထိ ဝတ်ဆင်ခဲ့ကြတဲ့ နံပါတ်ကို ပြီးခဲ့တဲ့ ရာသီမှာ အသင်းဟောင်း ချဲလ်ဆီးနဲ့အတူ ရုန်းကန်ခဲ့ရတဲ့ မောင့်အတွက် လက်လွှဲပေးတာ မဖြစ်သင့်ဘူးလို့ ယူဆတဲ့ ပရိသတ် အများအပြား ရှိနေပါတယ်။

 တဖက်မှာလည်း ကျောနံပါတ် ၇ ကို မောင့်အတွက် လွှဲအပ်ပေးပြီး ကစားသမားအပေါ် ယုံကြည်မှု ပြသခဲ့တဲ့ အသင်းရဲ့ လုပ်ရပ်ကို ထောက်ခံ ကြိုဆိုမှုတွေကို တွေ့ရပြန်ပါတယ်။

 တချို့ ပရိသတ်တွေကလည်း လူငယ်ခြေတက် တိုက်စစ်မှူးလေး အလက်ဂျန်ဒရို ဂါနာချိုဆီ အဲဒီနံပါတ်ကို လက်လွှဲပေးစေလိုပါတယ်။

 မောင့်ဟာ ချဲလ်ဆီးမှာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ခဲ့ဖူးပြီး သူ့ရဲ့ အနှစ်သက်ဆုံး နံပါတ်လို့လည်း ယုံကြည်ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်မှာတော့ နောက်ခံလူ ရာဖာရဲလ် ဗာရာနေးက အဲဒီနံပါတ်ပိုင်ရှင် ဖြစ်နေတာကြောင့် လစ်လပ်နေတဲ့ ဂန္ထဝင် ကျောနံပါတ်ကို အသင်းက မောင့်အတွက် လက်လွှဲပေးခဲ့တာလည်း ဖြစ်ပါတယ်။