တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပညာရေးမှူးတို့ကို CDF – Tonzang က ဖမ်းဝရမ်းထုတ်

ဇူလိုင်၊ ၅

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က စစ်ကောင်စီလက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပညာရေးမှူးတို့ကို အဲ့ဒီမြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ်က ဖမ်းဝရမ်းထုတ်လိုက်ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်မှာ ဖြစ် တယ်လို့လည်း DNA ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ပညာရေးမှူးတို့နှစ်ဦးဟာ ကျောင်းတွေ မဖွင့် ဖို့နဲ့ ရုံးမတက်ကြဖို့ NUG အစိုးရရဲ့ ညွှန်ကြားချက်တွေကိုမလိုက်နာတဲ့အပြင် ဒေသခံကာကွယ်ရေးတပ်ကိုလည်း စစ်တပ်ခေါ်တိုက်ခိုင်းမယ်လို့ ပြောဆိုတာကြောင့် အခုလို ဖမ်းဝရမ်းထုတ်လိုက်တာလို့ CDF – Tonzang တာဝန်ရှိ သူတဦးကပြောပါတယ်။

“အဲ့လိုပိတ်ခိုင်းတော့ သူတို့နှစ်ယောက်က မကျေနပ်ဘူး၊ ရွာသားတွေကို ခေါ်တယ်၊ ကျောင်းကော်မတီတွေကို ခေါ် ပြီးပြောတာပေါ့နော်၊ကျောင်းတွေ မဖွင့်ခိုင်းရင် တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုင်းလိုက်ရမယ်၊စစ်တပ် တွေ ကို တိုက်ခိုင်းမှာပေါ့၊အဲဒီတော့ ကျွန်တော်တို့က ခဏခဏသတိပေးနေတာပဲ၊ အဲဒါကို လက်မခံတဲ့အတွက် အခုလို ဖမ်းဝရမ်းထုတ်တာ”လို့သူကပြောပါတယ်။

စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ လည်ပတ်အောင်လုပ်နေတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စာသင်ကျောင်းတွေကို ဖွင့် လှစ်ခိုင်းနေတဲ့ မြို့နယ်ပညာရေးမှူးတို့ကို CDF – Tonzang က အကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့ပေမယ့် လက်ရှိမှာ စစ်ကောင်စီတပ်ကို အကူအညီတောင်းပြီး CDF – Tonzang အဖွဲ့ကို တိုက်ခိုက်ခိုင်းမယ်ဆိုတဲ့ ပြင်းထန်တဲ့ စကား လုံးတွေအသုံးပြုလာတာကြောင့် ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်သလို ရတဲ့နည်းနဲ့ဖမ်းဆီးမယ်လို့လည်းဆိုပါတယ်။

“အရင်ကတော့ ကိုယ့်လူမျိုးတိုင်းရင်းသားအချင်းချင်းဆိုပြီး ဘာမှမပြောဘူး၊သူတို့လည်း ချင်းလူမျိုးပဲလေ၊ တိုး တက်ရာတိုးတက်ကြောင်းလုပ်နေတာပဲလို့ဆိုပြီး အရေးမယူဘဲ ဒီအတိုင်းနေလိုက်တာ၊အခုကသူတို့က စိန်ခေါ် လာတဲ့သဘောဖြစ်လာတယ်၊ တပ်ဖွဲ့အနေနဲ့လည်း လုံးဝမကျေနပ်ဘူး၊ မရ၊ရအောင်ဖမ်းမှာပါ” လို့ CDF – Tonzang တာဝန်ရှိသူက ပြောပါတယ်။

တွန်းဇံမြို့နယ်မှာဆိုရင် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်းကျောင်းအပါအဝင် ကျောင်း ပေါင်း ၁၀၄ ကျောင်းရှိတယ်လို့ အစိုးရမှတ်တမ်းတွေအရသိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အခြေခံပညာကျောင်းတွေအပါအဝင် ဌာနဆိုင်ရာရုံးတွေကို ဗုံးခွဲတိုက် ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

နိုင်ငံ တဝှမ်းက လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ မြို့နယ်တွေကို စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါ ရီလအတွင်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာမှာ တွန်းဇံမြို့နယ်လည်းပါဝင်ပါတယ်။

ဒါ့အပြင် အဲ့ဒီလို စစ်အုပ်ချုပ်ကြေညာပြီးနောက်ပိုင်းမှာလည်း တွန်းဇံမြို့နယ်အတွင်းညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားပါသေးတယ်။