ထားဝယ်မှာ PDF တွေ တိုက်ခိုက်ခံရပြီး လေးဦးဒဏ်ရာရ၊ လက်နက်တချို့ ဆုံးရှုံးခဲ့

ဇူလိုင်၊ ၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ သင်္ကန်းတုံးရွာအနီးမှာ ဇူလိုင်လ ၂ ရက်က စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်တာခဲ့ရတဲ့အတွက် တပ်ဖွဲ့ဝင်လေးဦးဒဏ်ရာရခဲ့ပြီး  လက်နက်တချို့လည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက DNA ကို ပြောပါတယ်။

“ဒဏ်ရာရတဲ့ သူတွေလည်း အကုန် ဆေးကုသမှုခံယူပြီးလို့ သက်သာနေပြီ၊ တပ်ဖွဲ့ဝင်တွေလည်း အဆက်အသွယ် ပြန်ရကြပြီ၊ အကျအဆုံးတော့မရှိဘူး။ ကျနော်တို့ ကင်းလဲတဲ့အချိန်မှာ ဖြစ်သွားတာ၊ သူတို့က ရွာအနောက်ဘက်ကနေတက်လာတာ၊ အဲမှာ ကင်းစောင့်ဖို့သွားတဲ့ ရဲဘော်နဲ့တွေ့ပြီး ပစ်ခတ်မှု ဖြစ်တာ” လို့ ဥသြစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုရောင်နီက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲဲဲ့ဝင် တရာကျော်လောက်က ထားဝယ်ဒေသအခြေစိုက် ဥသြစစ်ကြောင်းရဲ့ ယာယီရှေ့တန်းစခန်းကို  အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ခန့် ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရခဲ့ပြီး နောက်ထပ်နှစ်ဦးနဲ့လည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပေမယ့် လက်ရှိမှာတော့ အဆက်အသွယ်ပြန်ရပြီလို့ ဥသြစစ်ကြောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။

အလစ်အငိုက် တိုက်ခိုက်ခံရတဲ့အပြင် စစ်ကောင်စီဘက်က အင်အားလည်းများတာကြောင့် အဲဒီရှေ့တန်းစခန်းကို စွန့်ခွာခဲ့ရပြီး လက်နက်ခဲယမ်းတချို့လည်း ဆုံးရှုံးခဲ့ရတယ်လို့ လည်း ကိုရောင်နီက ဆက်ပြောပါတယ်။

အဲဒီတိုုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက်အကျအဆုံးရှိ၊ မရှိကိုတော့ သေသေချာချာမသိရပါဘူး။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ အဲဒီတိုက်ခိုက်မှုအတွင်း M 4 သေနတ်တလက်၊ 12 bore shot gun တလက်၊ 9 mm AK-SA ရိုင်ဖယ်သေနတ်တလက်နဲ့ လက်လုပ်သေနတ် ၁၂ လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ ၄၀ မမ ဗုံးသီး ၁၁ လုံး၊ လက်လုပ်ဗုံးသီး ၁၆ လုံးနဲ့ လက်လုပ်မိုင်း ငါးလုံး၊ ကျည်ဆန်မျိုးစုံ သုံးရာကျော်နဲ့ အခြား လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ဥသြစစ်ကြောင်းတာဝန်ရှိသူတွေကတော့ အဲဒီထုတ်ပြန်ချက်ဟာ မှန်ကန်တယ်လို့ အတည်ပြုပြောဆိုပါတယ်။

လက်ရှိမှာတော့ လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တရာလောက်နဲ့ ထားဝယ်ဘက်ကနေ အင်အားလာဖြည့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ငါးဆယ်ခန့် ပူးပေါင်းပြီး သင်္ကန်းတုံးရွာအနီးက ဝကုန်းရွာဘက်ကို ရောက်ရှိနေတယ်လို့ ယူဆရပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အခုလို လာရောက်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၂၈ ရက်လောက်မှာ ဟိန္ဒားသတ္တုတွင်းဘက်ကနေ ထားဝယ်ဘက်ကို ပြန်ထွက်လာတဲ့ ကား ၁၆ စီးပါ စစ်ကောင်စီတပ် ယာဉ်တန်းကနေ သင်္ကန်းတုံးရွာနဲ့ ကပ်လျက် လိပ်ကြယ်ပြောင်ရွာမှာ နေကျန်ခဲ့တဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

“ယာဉ်တန်းက ထားဝယ်ဘက် ထွက်သွားပြီးပြီ၊ သူတို့ပဲ ကျန်ခဲ့တာ။ ကျနော်တို့နဲ့ သူတို့ တိုက်ပွဲဖြစ်ထားသေးတယ်။ သူတို့က လိပ်ကြယ်ပြောင်ရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာ၊ အဲမှာက စစ်ရှောင်နေကြတဲ့ ရွာခံတွေလည်း ရှိတော့ သူတို့ ဓားစာခံလုပ်ထားတာ” လို့ ကိုရောင်နီက ပြောပါတယ်။

ထားဝယ်-ထီးခီး ကားလမ်းအတိုင်း ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကတည်းက မေတ္တာမြို့အနီးရှိ ဟိန္ဒားသတ္တုတွင်းကို လာတဲ့ အဲဒီစစ်ကောင်စီတပ်ယာဉ်တန်းမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက အရာရှိတွေလိုက်ပါလာတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပေမယ့် Delta News Agency အနေနဲ့ အတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာတော့အဲဒီယာဉ်တန်းပါ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိသလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း ၁ ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦးလည်း ကျဆုံးခဲ့ပါတယ်။

Photo-စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်