ကန့်ဘလူမှာ အရပ်သားခြောက်ဆယ်ဦးထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွား

ဇူလိုင်၊ ၅
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး နှစ်ရက်အတွင်း ဒေသခံအရပ်သား ခြောက်ဆယ် ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ ဒီနေ့မနက်မှာ ကိုးတောင်ဘို့ အထိုင်စခန်းကနေပြီး ထွက်ခဲ့တဲ့ စစ်ကြောင်းပေါ့ဗျာ၊ ကိုးတောင်ဘို့နားက မိဿလင်ကုန်း ဆိုတဲ့ ရွာကို ဝင်စီးပြီးတော့မှ အပြစ်မဲ့ ရွာသူရွာသားငါးဆယ်ကျော်လောက်ကို ဖမ်းသွားတယ်ပေါ့နော်၊ မနေ့ကဆိုရင်လည်း ချောင်းကြားနဲ့ အင်းမရွာအနားမှာ တောတောင်ထဲက စစ်ရှောင်ပြီးနေနေတဲ့ အရပ်သားစစ်ရှောင်ပြည်သူ ၁၂ ယောက်ကို ဖမ်းသွားတယ်ပေါ့နော်။ ဘာကြောင့်ဖမ်းလဲဆိုတော့ အခုထိမသိရသေးဘူး ” လို့ ကန့်ဘလူမြို့နယ် ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၁၆)မှ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး အင်အား တရာ ဝန်းကျင်ရှိတဲ့ ပူးပေါင်းအဖွဲ့ တွေက ဇူလိုင်လ ၄ ရက်၊ မနက် ၁၁ နာရီခန့်မှာ ကန့်ဘလူမြို့နယ်မြောက်ပိုင်း ပင့်သာတိုက်နယ်၊ ချောင်းကြားနဲ့ အင်းမရွာ အနားမှာ တဲထိုးနေပြီး နေထိုင်လျက်ရှိတဲ့ စစ်ရှောင်ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
 
အဲဒီနောက် ဒီကနေ့ မနက် ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၃)မှ အင်အား ငါးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မိဿလင်ကုန်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အရပ်သားငါးဆယ်ဦး ခန့်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
 
“ ဘာအကြောင်းပြချက်လည်းမရှိဘူး၊ သူတို့က ဒီလိုပဲ ဝင်ဖမ်းသွားတာ၊ မနေ့က ၁၂ ယောက်ထဲမှာဆိုရင် ကျား ရှစ်ဦးနဲ့ အမျိုးသမီး လေးဦး၊ အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသုံးဦးလည်း ပါတယ်။ ဒီမနက်ကတော့ အသက်အရွယ်အစုံပဲလို့ သိထားတယ် ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသွားတဲ့ ချောင်းကြားနဲ့ အင်းမရွာအနားက စစ်ရှောင်ပြည်သူ ၁၂ ဦးကို ကျွန်းလှမြို့ပေါ်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မိဿလင်ကုန်းရွာမှ ဒေသခံငါးဆယ်ဦးကိုတော့ ကိုတောင်ဘို့အထိုင်ကုန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
 
” သူတို့က ရုတ်တရက်ကြီး ရွာထဲကို ရောက်ချလာတာပါ။ ပြေးဖို့တောင် အချိန်မရလိုက်ဘူး၊ စိုးရိမ်တာပေါ့၊ အရင်တုန်းကလည်း ဒီလိုမျိုး ဖမ်းသွားတာမျိုး ရှိတယ်၊ ဒီလောက်တော့ မများဘူး၊ အခုက အရမ်းများတယ်၊ နောက်ပြီး ကလေးတွေလည်း ပါတယ်လေ ” လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူ ဒေသခံနောက်တဦးက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ချောင်းကြားရွာ၊ အင်းမရွာ အနီးပတ်ဝန်းကျင်ရွာ ရှစ်ရွာမှ ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို မိဿလင်ကုန်းရွာမှ ဒေသခံတထောင်ကျော်က နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူးမြို့နယ်မှ စစ်ရှောင်အရေး အကူအညီပေးနေသူတဦးက ဆိုပါတယ်။
 
“ ချောင်းကြားရွာတို့ အင်းမရွာတို့ အဲဒီအနီးက ရွာ ရှစ် ရွာလောက်က မနေ့ကတည်း သူတို့မဝင်ခင်ကတည်းက ထွက်ပြေးလိုက်ရတာ၊ အားလုံးပေါင်းရင် ပြည်သူ ငါးထောင်နဲ့ ခြောက်ထောင် ကြားလောက်မှာ ရှိတယ်ပေါ့နော်၊ ပြီးတော့ ဒီမနက် မိဿလင်ရွာကျတော့ အဲဒီအနားမှာ သုံးရွာလေးရွာလောက်ရှိတယ်၊ သူတို့က အရင်ကတည်းက ထွက်ပြေးနေကြတာ မရှိတာကြာပြီးပေါ့၊ မိဿလင်ရွာကပဲ ရွာမှာ နေကြတာများတယ်၊ သူတို့က အိမ်ခြေ သုံးရာ ကျော်လောက်ရှိတယ်လေ၊ အခုတော့ အကုန်ထွက်ပြေးနေရတယ် ” လို့ ပြောပါတယ်။
 
လက်ရှိ ဒေသခံစစ်ရှောင်တွေဟာ တောတောင်ဥယျာဉ်ခြံမြေတွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် နေထိုင်ဖို့ အမိုးအကာတွေနဲ့ အစားအသောက်တွေ လိုအပ်ချက်ရှိနေတယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။
 
စစ်တပ်အာဏာသိမ်းချိန်ကနေ ယခုအချိန်ထိ နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကန့်ဘလူမြို့နယ်မှာ စစ်ရှောင်သိန်းနဲ့ချီရှိနေပြီး အမြဲတမ်းစစ်ရှောင်နေရတဲ့ ဒေသခံ သုံးသောင်းဝန်ကျင်လောက် ရှိတယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ လမ်းတလျှောက်မှာလည်း တချို့ကျေးရွာမှ နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် နေအိမ်တဲမှာ ရှိတဲ့ တန်ဖိုးကြီးပစ္စည်းတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
 
“ ၃ ရက်နေ့မှာ မကျီးကုန်းရွာက နေအိမ် ကိုး လုံးလောက်ကို စပါးတိုက် ငါးလုံး၊ မီးရှို့သွားတယ်၊ စစ်ကြောင်းတလျှောက်မှာရှိတဲ့ စစ်ရှောင်တဲတွေလည်း ရှို့သွားတယ်၊ ချောင်းခြားရွာအနီးက စစ်ရှောင်တဲက ၂၅ လုံးအကျော်မှာ ရှိတယ်။ နောက်ပြီး နေအိမ်မှာ တန်းဖိုးကြီးပစ္စည်းတွေလည်း ဒီကောင်တွေ ယူသွားတာရှိတယ်၊ ဒါကလည်း အခုမှ မဟုတ်ဘူး၊ သူတို့လုပ်နေကြတာပဲလေ၊ အားလုံးသိနေတာပဲ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ယခု စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ချောင်းကြားရွာ၊ အင်းမရွာအနားက စစ်ရှောင်စခန်းနဲ့ မိဿလင်ကုန်း ကျေးရွာဟာဆိုရင် တနေရာနဲ့ တနေရာက ကိုးမိုင်ဝန်းကျင်အကွာအဝေးမှာ ရှိကြတယ်လို့ ဆိုပါတယ်။
 
လတ်တလောမှာတော့ ကန့်ဘလူမြို့နယ်မြောက်ပိုင်းနဲ့ တောင်ဘက်ပိုင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ရှိနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိပေမယ့် မကြာသေးခင်က ထိတွေ့မှု အနည်းငယ်သာရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
“ ဒီတောအတွင်းမှာ ထိတွေ့မှု မရှိဘူးဗျ၊ တောင်ဘက်မှာလည်း ငြိမ်နေတယ်၊ မြောက်ဘက်မှာလည်း ငြိမ်နေတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးရက်လောက်ကလားမသိဘူး၊ ထိတွေ့မှု နည်းနည်းရှိခဲ့တယ်၊ ပြင်းပြင်းထန်ထန်တိုက်ပွဲတော့ မဟုတ်ပါဘူးဗျ၊ ချပ်သင်းရွာနားမှာ ဖြစ်သွားတာ အဲဒါကလေ ” လို့ ပြောပါတယ်။
 
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးခြင်း မရှိသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
” အရင်တုန်းက အသတ်ခံရတာ၊ ရိုက်နှိက်ခံရတာတွေ ကြုံခဲ့ရတာဆိုတော့ အခု ကျန်နေတဲ့ မိသားစုဝင်တွေက စိုးရိမ်တာပေါ့၊ သူတို့ဆို အခု ဘယ်လို ဆက်လုပ်ရမှန်း မသိနေဘူး ဖြစ်နေကြတာ၊ ကိုယ်လည်း ဘာမှ မတတ်နိုင်တာ၊ အမြန်ဆုံး အိမ်ပြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေရတာပေါ့ ” လို့ အဲဒီဒေသခံက ဆိုပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၂၀၂၃ခုနှစ်၊ ဧပြီလဆန်းက စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးခဲ့စဉ်။