ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးခေါင်းဆောင် ကိုပြည့်ဖြိုးနိုင် လွတ်မြောက်လာ

ဇူလိုင်၊ ၅
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့သူ ရဲအုပ် ပြည့်ဖြိးနိုင်ဟာ ဇူလိုင်လ ၅ ရက် ဒီကနေ့ မနက်မှာ ရမည်းသင်းအကျဉ်းထောင် က ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
” ဟုတ်တယ်။ ကိုပြည့် (ကိုပြည့်ဖြိုးနိုင်) ပြန်လွတ်လာတယ် ဒီမနက်ပဲ ” လို့ ရမည်းသင်းထောင်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က လွတ်မြောက်လာခဲ့သူတဦးက ပြောပါတယ်။ ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ရက်စေ့လို့ လွတ်မြောက်လာတာဖြစ်သလို ကျန်းမာရေးလည်း ကောင်းမွန်တယ်လို့ အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။ စစ်တပ်က၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် ရဲအုပ် ပြည့်ဖြိုးနိုင် ကို ချက်ခြင်းမဖမ်းဆီးသေးဘဲ လအနည်းငယ်အကြာမှ နေပြည်တော်မှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်မှာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ” ပုံမှန်လျှော့ရက်အရပဲ လွတ်လာတာ၊ ကျန်တဲ့ အထူးအခွင့်အရေးရလို့ မဟုတ်ဘူး ” လို့ ကိုပြည့်ဖြိုးနိုင်ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် အမျိုးသမီးလုံခြုံရေးဖြစ်တဲ့ ဒုရဲအုပ် ချယ်ရီထက် ကိုလည်း ရဲစည်းကမ်းဖောက်ဖျက်မှု၊ ပုဒ်မ ၅၀၅ (က)တို့နဲ့ ထောင်ဒဏ် ငါးနှစ် ချမှတ်ထားပြီး ရမည်းသင်းထောင်မှာ အကျဉ်းချထားပါတယ်။
 
ဒါ့အပြင် နိုင်ငံတော်သမ္မတရုံး သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး ခေါ် ကိုသားလေးကိုလည်း စစ်ကောင်စီက ရမည်းသင်းအကျဉ်းထောင်မှာ တရားစွဲဆိုပြီး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါသေးတယ်။
 
ဦးအောင်နိုင်ဦး ကိုတော့ ကြိုးပေးကွပ်မျက်ခံလိုက်ရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ ဖုန်းအဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်အပါအဝင် အခြားကိစ္စတွေအတွက် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)တွေနဲ့တရားစွဲဆိုခဲ့တာပါ။
” လုံခြုံရေးအဖွဲ့တွေထဲက သူက (ကိုပြည့်ဖြိုးနိုင်) အရင်လွတ်တာပေါ့နော် ” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။
 
မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်ဟာ ထောင်ဒဏ်သုံးနှစ်နဲ့ အထက် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားပြီး ဒီချုပ်အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် ဝန်ကြီးတွေအပါအဝင် အနီးဝန်းကျင်မြို့တွေက နိုင်ငံရေးအကျဉ်းသား သုံးရာဝန်းကျင်ရှိတယ်လို့သိရပါတယ်။
 
အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၄ ရက်အထိ နိုင်ငံတစ်ဝန်းက အာဏာသိမ်းမှုကို နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ခဲ့ကြတဲ့ ပြည်သူ ၁၉,၃၁၁ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆,၆၄၅ ဦး ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media