ထားဝယ်မှာ PDF ပူးပေါင်းတပ်တွေ ဖမ်းမိတဲ့ ရဲတပ်ကြပ်ကြီး ခုခံထွက်ပြေးလို့ ပစ်ခတ်ဖမ်း ဆီးရာ သေဆုံးတယ်လို့ဆို

ဇူလိုင်၊ ၅
 
တနင်္သာရီတိုင်း အဝင် မလွှဲတောင် စစ်ဆေးရေးဂိတ် ကနေ ရေဖြူမြို့မရဲစခန်း ကို ပြန်လာတဲ့ ရဲတပ်ကြပ်ကြီး တဦးကို ဇူလိုင် ၂ ရက်က အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့ပြီး လမ်းမှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
 
ရဲတပ်ကြပ်ကြီး ဇော်မင်းဦး (ကိုယ်ပိုင်အမှတ်လ-၂၁၄၇၂၁)ဟာ အရပ်ဝတ် အိမ်စီးကားနဲ့ လိုက်ပါလာတယ် ဆိုတာကို PDF ပူးပေါင်းတပ်တွေက သတင်းအတိအကျ ရရှိခဲ့တာဖြစ်ပြီး ရန်ကုန်-ထားဝယ် ကားလမ်းပိုင်း ရေဖြူမြို့နယ် အတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီ ဇူလိုင် ၂ ရက် မနက်ပိုင်းက ရန်ကုန်-ထားဝယ် အမှတ် ၈ ကားလမ်းမကြီးပေါ်မှာ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ အပါအဝင် PDF ပူးပေါင်းတပ်ဖွဲ့ ရှစ်ဖွဲ့က ခရီးသွားတွေကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သတင်းရလို့ နောက်တကြိမ်ထပ်စစ်မှ အခုလို ဖမ်းဆီးရမိတာလို့ သိရပါတယ်။
 
” သတင်းရလို့ နောက်တစ်ကြိမ် ထပ်စစ်ဆေးတာပါ။ သူ့ဆီက လက်ထိပ်၊ ရဲယူနီဖောင်းတွေနဲ့ အသုံးအဆောင်တချို့ တွေ့ရှိခဲ့ပါတယ် ” လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
အဲဒီရဲတပ်ဖွဲ့ဝင်ကို သူ့မှာပါလာတဲ့ ယူနီဖောင်း ဝတ်ဆင်စေပြီး ပူးပေါင်းတပ်တွေက စစ်ဆေးမှု ပြုလုပ်ပြီးနောက် ညနေပိုင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၁ တာဝန်ခံထံ သွားရောက်အပ်နှံချိန် လမ်းခုလတ်မှာ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတယ်လို့လည်း သူကပြောပါတယ်။
 
သေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီးရဲ့ ရုပ်အလောင်းကိုတော့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လူသားဂုဏ်သိက္ခာနဲ့အညီ မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တနင်္သာရီတိုင်းအတွင်း ရန်ကုန်-ကော့သောင်း ကားလမ်းမကြီးတလျောက် PDF ပူးပေါင်းတပ်တွေဟာ ခရီးသည်တင်ကားတွေကို မကြာခဏ စစ်ဆေးလေ့ရှိပြီး အခုချိန်အထိ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း ရှိပြီလို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာ အနီး PDF ပူးပေါင်းတပ်တွေက ခရီးသည်တင်ယာဥ်တွေကို ရှောင်တခင်စစ်ဆေးနေစဥ် ကျောက်သယ်ကားနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
 
အလားတူပဲ တနင်္သာရီတိုင်းနဲ့ကပ်လျက် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းကစပြီး KNLA၊ PDF ပူးပေါင်းတပ်တွေက ကားလမ်းမကြီးတလျှောက် ခရီးသွားတွေကို စစ်ဆေးမှု ပြုလုပ်လာပြီး ဇွန်လ ၁၈ ရက်နေ့ကတော့ အရပ်ဝတ်နဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – TPLF