ပုန်ကန်မှုနဲ့ ကြုံတွေ့အပြီး ရုရှားဟာ မကြုံစဖူး စည်းလုံးသွားတယ်လို့ ပူတင်ပြော

ဇူလိုင်၊ ၅

ပြည်တွင်းမှာ ပုန်ကန်မှု တခုနဲ့ ကြုံခဲ့ရတဲ့တိုင် ရုရှားရဲ့ လုံခြုံရေး၊ တည်ငြိမ်မှု၊ စည်းလုံးမှုတွေကို အာမခံချက် အပြည့် ပေးနိုင်ဆဲလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အာရှနိုင်ငံ ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်၊ အိန္ဒိယတို့ အပါအဝင် အာရှနိုင်ငံ တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေ ချိတ်ဆက် ပြုလုပ်တဲ့ အစည်းအဝေး တခုမှာ ပူတင်က အခုလို အာမခံခဲ့တာပါ။ ဇွန်လကုန်က ရုရှား ကြေးစားတပ် Wagnerဟာ ရုရှား စစ်တပ်ကို ပုန်ကန်ကြောင်း ကြေညာပြီး မော်စကိုထိ ချီတက်ခဲ့တဲ့ သတင်းက တကမ္ဘာလုံးကို အံ့ဩသွားစေခဲ့ပါတယ်။

Wagnerဟာ သူတို့ရဲ့ ပုန်ကန်မှုကို ၂၄ နာရီ အကြာမှာ ရုပ်သိမ်းသွားခဲ့ပေမယ့် အဲဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ ဂယက်တွေကတော့ ရုရှားမှာ ပူတင်ရဲ့ အာဏာသက်ရောက်မှုနဲ့ ပတ်သက်လို့ မေးခွန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ရှန်ဟိုင်းကော်ပိုရေးရှင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ရဲ့ အွန်လိုင်း အစည်းအဝေးမှာတော့ ပူတင်က ရုရှားနိုင်ငံရဲ့ ပြည်သူတွေဟာ အခုအခါမှာ ဘယ်တုန်းကမှနဲ့ မတူအောင် ပိုမိုစည်းလုံးနေပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ လက်နက်ကိုင် ပုန်ကန်မှု တခု ကြုံလာချိန်မှာ ရုရှား ပြည်သူတွေနဲ့ နိုင်ငံရေး အသိုက်အဝန်းဟာ အဖ ရုရှားနိုင်ငံတော်အတွက် တာဝန်ကျေပြွန်ခဲ့ကြပြီး ဘယ်တုန်းကမှနဲ့ မတူလောက်အောင် စည်းစည်းလုံးလုံး ရပ်တည်ပြခဲ့တယ်လို့ ပူတင်က ပြောကြားသွားခဲ့ပါတယ်။

သူက ခက်ခဲနေတဲ့ ကာလအတွင်း ရုရှားကို ထောက်ခံ ကူညီ အားပေးခဲ့ကြတဲ့ SCO အဖွဲ့ဝင် နိုင်ငံတခုချင်းစီကို ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။ SCOမှာ အာရှ အင်အားကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့လည်း ပါဝင်ပါတယ်။

ရုရှားဟာ အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ တရုတ်၊ အိန္ဒိယနဲ့ အီရန်တို့ကို မဟာဗျူဟာ မိတ်ဖက်တွေအဖြစ် ပိုမို အားကိုးလိုတဲ့ သဘောမျိုး ရှိနေပါတယ်။ ရုရှားမှာ လက်နက်ကိုင် ပုန်ကန်မှု ဖြစ်ပွားချိန်က တကမ္ဘာလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပေမယ့် တရုတ်နဲ့ အီရန်ကတော့ ဒါဟာ ပြဿနာကြီး တခုမဟုတ်ဘဲ ပြည်တွင်းရေး ကိစ္စ တခုလောက်သာ ရှိတယ်လို့ အသီးသီး မှတ်ချက်ပေးခဲ့ကြပါတယ်။

 

Ref: Al Jazeera