စစ်ကိုင်းက တလိုင်းရွာ စီးနင်းခံရပြီး တော်လှန်ရေးအဖွဲ့ဝင် ငါးဦးကျဆုံး

ဇူလိုင်၊ ၄
 
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်း (ခေါ်) ထီးလှိုင်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ ‌တော်လှန်ရေးအင်အားစုက တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးပြီး လက်နက်တွေ ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်အင်အား ခုနှစ်ဆယ်ပါဝင်တဲ့ စစ်ကြောင်းဟာ ဇူလိုင်လ ၂ ရက် မနေ့က မနက် ၃ နာရီခန့်မှာ တလိုင်းရွာကို အလစ်အငိုက်တိုက်ခိုက်ခဲ့ပြီး ကျေးရွာလုံခြုံရေး ကင်းစောင့်နေတဲ့ ရဲဘော် ငါးဦးကို သတ်ဖြတ်ခဲ့သလို ရွာထဲကို စီနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
 
“ တလိုင်း တောက်ဘက်က ကင်းကို ဝင်စီးရာက အပြန်အလှန်ပစ်ခတ်ခဲ့မှု ဖြစ်ပြီး ရဲဘော်တွေ ကျသွားတာပါ။ လက်နက်အင်အား ကွာဟချက်လည်း ပါတာပေါ့။ ကင်းက ခုခံပေးထားတော့ ရွာကပြည်သူတွေ ပြေးချိန်ရခဲ့တာပေါ့။ မဟုတ်ရင် ဒီထက်အခြေနေပိုဆိုးနိုင်ပါတယ် ” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်က အဲဒီလို စီနင်းဝင်ရောက်ချိန် ကင်းကျနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲဘော် ကိုမျောက်ကြီး၊ ကိုအောင်ခိုင်၊ ကိုရားရား တို့ သုံးဦး၊ ပြည်သူကာကွယ်‌ရေး အဖွဲ့ ရဲဘော် ဦးမြင့်ကျော် နဲ့ PDF တပ်ရင်း (၅၁၀) က ကိုနေခ တို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
တလိုင်းရွာကို စီးနင်းဝင်ရောက်ချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မနက် ၁၀ နာရီခန့်မှာ တလိုင်းအရှေ့ဖက်ခြမ်းကို စတင်မီးရှို့ခဲ့ပြီး ညနေ (၆)နာရီအထိ တလိုင်းရွာ စာသင်ကျောင်းမှာ အထိုင်ချကာ မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
 
အဲဒီလိုမီးရှို့ခံရတာကြောင့် အိမ်ခြေ သုံးရာကျော်ရှိတဲ့ တလိုင်းရွာက အိမ်ခြေတရာကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောကြားပါတယ်။
 
အဲဒီစစ်ကြောင်းဟာ ဇွန်လ ၃ ရက်၊ မနေ့က မနက် ၁၀ နာရီခန့်မှာ ပဒူကျေးရွာကို ဝင်ပြီး စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် ပဒူရွာနဲ့ အနီးဝန်းကျင်က စစ်ရှောင် ၄၅၀၀ ကျော်ဟာ ဇွန်လ ၁၉ ရက်ကနေ ဒီနေ့ထိ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီဘက်ကတော့ တလိုင်းရွာကို လုံခြုံရေးအရ ရှာဖွေရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ငါဦးသေဆုံးကာ ( M 22 ) သေနတ် နှစ်လက်၊ လက်လုပ်သေနတ်လေးလက်၊ လက်ပစ်ဗုံး ရှစ်လုံး၊ ကျည်၊ ကျည်အိမ်၊ ကားတစီး၊ လက်လုပ် စိန်ပြောင်းဗုံးသီး လေးလုံးနဲ့ ယူနီဖောင်းအချို့ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ အခုရက်ပိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ စခန်းတွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရပြီး အကျအဆုံးများနေတာကိုလည်း တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စစ်ကိုင်းတိုင်း၊ ကင်းတော်ရွာက PDF စခန်း ဝင်စီးခံရလို့ ရဲဘော် ၁၅ ဦးနဲ့ ရဲမေ နှစ်ဦး ၊ ဇွန်လ ၂၉ ရက်က စစ်ကိုင်းမြို့မြောက်ဘက် တလိုင်းရွာအနီး စစ်ကိုင်း-ရွှေဘိုဗျူဟာာလမ်းပေါ်မှာ တိုက်ပွဲဖြစ်လို့ တော်လှန်ရေးတပ်သား ၁၄ ဦး ကျဆုံးခဲ့ပြီး လက်နက်တွေ ဆုံးရှုံးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
 
ဓာတ်ပုံ – စစ်တပ်ထောက်ခံ တယ်လီဂရမ်