အစိုးရသစ် တင်မြှောက်နိုင်ရေးအတွက် ထိုင်းမှာ လွှတ်တော် အစည်းအဝေးတွေ စတင်ကျင်းပ

ဇူလိုင်၊ ၄

အစိုးရသစ် ရွေးချယ်တင်မြှောက်မယ့် လွှတ်​တော် အစည်းအဝေးတွေကို ထိုင်းဘုရင်နဲ့ မိဖုရားကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဇူလိုင် ၃ ရက်က ဘန်ကောက်မှာ လွှတ်တော်သစ် ဆွေးနွေးပွဲတွေကို စတင်ခဲ့ရာမှာ ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်ဟာ မိဖုရားခေါင်ကြီး စုသီတာနဲ့အတူ တက်ရောက်ခဲ့ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ထိုင်းလွှတ်တော် ကိုယ်စားလှယ်တွေဟာ နိုင်ငံရဲ့ ပြည်သူလုထုကို ကိုယ်စားပြုတာ ဖြစ်တဲ့အတွက် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကြိုးစား သယ်ပိုးကြဖို့ ထိုင်းဘုရင်က မိန့်ခွန်း ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၆ ပတ်က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အများစု မျှော်လင့်မထားတဲ့ ရလဒ်မျိုးနဲ့ အောင်ပွဲခံခဲ့တဲ့ Move Forward ပါတီ (MFP)ဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းပြီး ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွတ်ရတ်ဟာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်ခံရနိုင်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက်ကို ကြိုးစား စုစည်းနေရဆဲ ဖြစ်ပါတယ်။

လွှတ်တော် အဖွင့်နေ့မှာတော့ MFPဟာ အဓိက နိုင်ငံရေး မဟာမိတ် အင်အားစု တခုဖြစ်တဲ့ ဖွေထိုင်းပါတီ (PTP)နဲ့ ညှိနှိုင်းပြီး အောက်လွှတ်တော် ဥက္ကဋ္ဌသစ်ကို အဆိုပြု တင်မြှောက်ခဲ့ပါတယ်။ နိုင်ငံရေး မဟာမိတ်တွေထဲမှာ ပါဝင်တဲ့ ပရာချာချတ် ပါတီ အကြီးအကဲ ဝါရင့် နိုင်ငံရေးသမားဖြစ်တဲ့ အသက် ၇၉ နှစ်အရွယ် ဝမ် မူဟာမက် နောမာသာဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူသွားမှာဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌ နှစ်နေရာကိုတော့ PTPနဲ့ MFPတို့ရဲ့ ကိုယ်စားလှယ် တဦးစီ အဆိုပြု ခန့်အပ်သွားဖို့ ပါတီတွေ သဘောတူခဲ့ကြတာပါ။

MFP ဦးဆောင်တဲ့ မဟာမိတ် အင်အားစုဟာ လောလောဆယ်မှာ အောက်လွှတ်တော် အမတ်နေရာ ၃၁၂ ခုကို စည်းရုံးထားနိုင်ပြီ ဖြစ်ပေမယ့် ဝန်ကြီးချုပ် နေရာအတွက်တော့ နောက်ထပ် ပါတီနှစ်ရပ်ပေါင်း အမတ် ၆၄ ဦးစာ ထောက်ခံမှုကို လိုအပ်နေဆဲပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ပီတာက သူဟာ ဝန်ကြီးချုပ် ရာထူးကို လက်ခံယူဖို့အတွက် အထက်လွှတ်တော်ထဲမှာ လုံလောက်တဲ့ စည်းရုံးမှုတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ပြောကြားထားဖူးပါတယ်။

 

Ref: Reuters