ကိုမင်းကိုနိုင်ရဲ့ ပြည်တော်ဝင်ပန်းချီကား ကျပ်သိန်းလေးရာနီးပါးနဲ့ လေလံအောင်

ဇူလိုင်၊ ၄
 
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရံပုံငွေ အတွက်ပြုလုပ်တဲ့ ပြည်တော်ဝင် ကမ်ပိန်းအတွက် ကိုမင်းကိုနိုင်ရဲ့ ပြည်တော်ဝင်ပန်းချီကား လေလံတင်ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁၂,၃၄၅ မြန်မာကျပ်ငွေ သိန်းလေးရာနီးပါးနဲ့ ဝယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။
 
ကိုမင်းကိုနိုင်ကတော့ ” တဦးတယောက်ကောင်း မဟုတ်ဘူး၊ နည်းပညာခေတ်မှာ ကမ္ဘာ့နေရာအနှံ့က ကွန်ရက် ချိတ်ပေါင်းလုပ်ရင် ဒီလိုရလဒ် ထွက်တယ်ဆိုတာ ပြနေတာ၊ ကမ္ဘာ့တော်လှန်ရေးသမိုင်းမှာ မြန်မာနွေဦးဟာ သင်ရိုးသစ် ဖြစ်လာမယ် ” လို့ ပြည်တော်ဝင်ကမ်ပိန်း နဲ့ပတ်သက်ပြီး လူထုရဲ့ထောက်ပံ့မှုတွေအပေါ် မှတ်ချက်ပြုပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်ကစပြီး မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရံပုံငွေအတွက် ပြည်တော်ဝင်ကမ်ပိန်းကို စတင်နှိုးဆော်ခဲ့ကြတာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိ ကမ်ပိန်းကို နောက်ဆုံးထား သတ်မှတ်ခဲ့ကြပေမယ့် သတ်မှတ်ရက်မတိုင်ခင်မှာဘဲ ကမ်ပိန်းရည်ရွယ်ချက်ဖြစ်တဲ့ သိန်းလေးထောင်ပြည့်ခဲ့တာ ဖြစ်တယ်လို့လည်း
ဦးဆောင်သူတွေက ဆိုပါတယ်။
 
မနေ့ ဇူလိုင် ၃ ရက်မှာ ပြုလုပ်တဲ့ ပြည်တော်ဝင်ကမ်ပိန်း ပိတ်ပွဲမှာတော့ ကိုမင်းကိုနိုင်ရဲ့ ပြည်တော်ဝင်ပန်းချီကား ကို အပြီးသတ် လေလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။
 
မန္တလေး နန်းတွင်းနဲ့ ကျုံးကို မန္တလေးသားတွေလက်ထဲ ပြန်ယူမယ်ဆိုတဲ့ ပြည်တော်ဝင် ပရောဂျက်မှာတော့ လူထုထောက်ပံ့ငွေ ကျပ်သိန်း လေးထောင်နဲ့အတူ ကိုမင်းကိုနိုင်ရဲ့ ပန်းချီကားလေလံ အပါအဝင် USD $171,791 ရရှိထားပြီး ထောက်ပို့ငွေတွေနဲ့ အကောင်းဆုံးစစ်ဆင်ရေးတွေ လုပ်သွားမယ်လို့လည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ပြောဆိုထားပါတယ်။