ဖားကန့်မှာ စက်သုံးဆီသယ်ယူခွင့်ကန့်သတ်မှုတွေရှိလို့ စစ်ဆေးရေးဂိတ်တွေကို ငွေပေးဖြတ်သန်းနေရ

ဇူလိုင်၊ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကန့်သတ်မှုတွေရှိနေတာကြောင့် ဆီသယ်ယာဉ်တွေဟာ စစ်ဆေးရေးဂိတ်တွေကို ငွေကြေးအမြောက်အများပေးပြီးတော့ ဖြတ်သန်းနေရတယ်လို့ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

“စစ်ကောင်စီဘက်က ဆီသယ်ကားတွေ မတက်ရဘူးဆိုပြီး ပိုက်ဆံတောင်းပြီးတော့ တက်သွားတာတွေရှိတာပဲ။ KIA ဘက်ကလည်း အခွန်ကောက်တာတွေရှိတယ်။ ဖားကန့်မှာက KIA ရဲ့ ကျောက်စိမ်းလုပ်ကွက်တွေကလည်း အများကြီးရှိတယ်လေ။ ငွေပေးရတာကလည်း နှစ်ဖက်လုံး ပေးရတာဆိုတော့ အတိအကျမရှိဘူးပေါ့။ တသိန်းပေးရတဲ့သူရှိသလို သိန်းဆယ်ဂဏန်းကျော်အထိ ပေးခဲ့ရသူတွေလည်းရှိတယ်။ ဂိတ်ပေါင်းစုံပေးနေရတဲ့ သဘောပေါ့။ ဖားကန့်မှာ စက်သုံးဆီဈေးတက်တာက ဒါတွေကြောင့်လည်းပါတာပေါ့’’ လို့ဖားကန့်ဒေသခံတဦးကပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကစတင်ပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ပင်ထားတာကြောင့် ဆီဆိုင်အများစု ပိတ်ထားလိုက်ရပြီး ဒေသတွင်းသွားလာရေးအတွက် အခက်အခဲတွေဖြစ်ပေါ်ခဲ့ရသလို စက်သုံးဆီဈေးတွေလည်း မြင့်တက်သွားခဲ့ပါတယ်။

စက်သုံးဆီလိုသလောက်မရတာကြောင့် ပြင်ပဈေးကွက်အတွင်းမှာ ဓာတ်ဆီတဂါလံကို ငွေကျပ် နှစ်သောင်းဝန်းကျင်အထိ ရောင်းချနေသလို ဓာတ်ဆီတပုလင်းကို ငွေကျပ် ခြောက်ထောင် ကျော်အထိ ရောင်းချနေတာတွေရှိတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

‘’ ပြောတော့မသွားရဘူးဆိုပြီး ပိုက်ဆံကောက်ပြီး သွားခွင့်ပေးလိုက်တယ်။ နောက်တခုက စက်သုံးဆီဈေးတက်တာကလည်း အောက်ပိုင်းက ဒေါ်လာဈေးတွေကစားတော့ ဆီဈေးကတက်လာသလို နောက်တခုက ဂိတ်တွေကလည်း တင်သွင်းခွင့်ပိတ်လိုက်တော့ ဆီဈေးတွေက တလီတာကို ငါးထောင်ကျော် ခြောက်ထောင်ကျော်အထိ တက်သွားတာပေါ့။ အဓိက,ကတော့ တင်သွင်းခွင့်ပိတ်လိုက်တာနဲ့ ဂိတ်ပေါင်းစုံကိုပေးရလို့ ဆီဈေးက ပိုတက်သွားတပေါ့”လို့ အဲဒီဖားကန့်ဒေသခံက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီအရောင်းဆိုင်တွေ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သလို ဓာတ်ဆီတဂါလံကို ငွေကျပ် ၁၄,၀၀၀ ဈေးနှုန်းနဲ့ပြန်လည်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

“အရင်တုန်းကတော့ ပုံမှန်အတိုင်းသွားနေတာပေါ့။ အခုကတော့ ဖြတ်လေးဖြတ်လို့ ပြောတာပေါ့။ အဲဒီအထဲမှာ စက်သုံးဆီတွေလည်း ပါတာပေါ့။ စစ်ဆေးရေးဂိတ်တွေက ဖားကန့်မရောက်ခင် ကာမိုင်းမှာတားတယ်၊ နန့်ယားမှာတားတယ်။ တားပြီးတော့မှ သူတို့စိစစ်ပြီးတော့ လိုသလောက်လွှတ်ပေးတာပေါ့။ ဒါတောင်မှ သူတို့ကအထက်နဲ့ညှိပြီး ခိုးလွှတ်ပေးတယ်လို့ ပြောတာပဲ။ ဒါကြောင့် ဆီသယ်ကားတွေက သွားတော့သွားတယ်၊ ဒါပေမဲ့ လိုချင်သလောက်တော့ မရဘူးပေါ့”လို့ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပိုင်ရှင်တဦးရဲ့ ပြောဆိုချက်ကို BBC သတင်းဌာနမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ  စက်သုံးဆီတင်သွင်းခွင့် ပိတ်ပင်တာဟာ တရားမဝင်ကျောက်စိမ်းတူးဖော်နေမှုတွေကို ထိန်းချုပ်ချင်တာကြောင့်  ဖြစ်တယ်လို့ လည်း ဒေသခံတွေကပြောကြပါတယ်။ 

ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်မှုပြုလုပ်နေတဲ့ လုပ်ကွက်ပေါင်းများစွာရှိပြီး အဲ့ဒီထဲမှာ စစ်ကောင်စီတပ်ရဲ့ လုပ်ကွက်တွေအများအပြားရှိနေသလို့ ကေအ်ိုင်အေ အဖွဲ့အစည်းရဲ့ လုပ်ကွက်တွေလည်း အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီဆိုင်တွေပြန်ဖွင့်နေပြီဆိုပေမယ့် လိုသလောက်ဝယ်လို့မရသေးသလို စက်သုံးဆီဈေးနှုန်းတွေကလည်း မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

“ဆီဆိုင်တွေကတော့ မနေ့(ဇူလိုင် ၂ ရက်)က ပြန်ဖွင့်ပြီးတော့ ရောင်းနေကြပြီ။ အဓိက,ကတော့ နန့်ယားနဲ့ကာမိုင်းဘက်က လမ်းကြောင်းခဏပိတ်လိုက်တော့ ဆီဆိုင်တွေမှာ ဆီပြတ်သွားတာပေါ့။ အခုတော့ သူတို့အဆင်ပြေသလိုညှိပြီး ငွေတောင်း ပြန်ဖွင့်ပေးလိုက်တယ်”လို့ ဖားကန့်မြို့နယ်က ဒေသခံနောက်တဦးက DNA ကို ပြောပါတယ်။

Photo- Social Media