ဇူလိုင်၊ ၃
လက်ဆောင်အဖြစ် ပေးခဲ့ပေမယ့် သီရိလင်္ကာ နိုင်ငံမှာ ဂရုတစိုက် စောင့်ရှောက်ခြင်း မခံရတဲ့ ဆင်ကြီးတကောင်ကို မိခင်နိုင်ငံဖြစ်တဲ့ ထိုင်းက ပြန်လည် ခေါ်ဆောင်လာခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဆင်ကြီး မူသူ ရာဂျာဟာ ဇူလိုင် ၂ ရက်က ထိုင်းနိုင်ငံကို လေကြောင်းကနေ ပြန်လည် ဆိုက်ရောက်လာပါတယ်။ ဆင်ကြီးကို ပြန်ခေါ်ဖို့အတွက် လေယာဉ်ခရီးစဉ်ဟာ ဘတ် ၁၉ သန်း၊ တနည်းအားဖြင့် ဒေါ်လာ ၅၄၀၀၀၀ ဝန်းကျင်လောက် ကုန်ကျခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက သီရိလင်္ကာကို လက်ဆောင်ပေးခဲ့တဲ့ ဆင်ကြီးဟာ ဗုဒ္ဓဘာသာ ဘုရားကျောင်း တခုမှာ ထားရှိတဲ့အချိန် သင့်တင့်တဲ့ စောင့်ရှောက်မှုတွေ မရခဲ့သလို နှိပ်စက်ညှင်းပန်း ခံရတာတွေတောင် ကြုံခဲ့ကြောင်း ထိုင်းက စွပ်စွဲပြီး မူသူ ရာဂျာကို ပြန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အာရှနှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုတွေတောင် ကြုံခဲ့ရပါသေးတယ်။
နောက်ပိုင်းမှာတော့ သီရိလင်္ကာ အစိုးရက ဆင်ကြီးကို ပြန်လွှဲပြောင်းပေးဖို့ လက်ခံခဲ့သလို သီရိလင်္ကာ ဝန်ကြီးချုပ်က သူတို့နိုင်ငံရဲ့ ပေါ့လျော့မှုတွေ အတွက်လည်း ထိုင်းဘုရင်ကို တရားဝင် တောင်းပန်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။
ပေါင်ချိန် ၈၈၀၀ လေးလံတဲ့ ဆင်ကြီးကို အထူးစီစဉ် တည်ဆောက်ထားတဲ့ သံမဏိ လှောင်အိမ်ထဲ ထည့်ပြီး ချင်းမိုင်ကို လေကြောင်းကနေ ပို့ဆောင်ခဲ့ပါတယ်။ အဲဒီ ခရီးစဉ်မှာ ထိုင်းက ဆင်ဦးစီး ၄ ယောက်နဲ့ သီရိလင်္ကာက တိရစ္ဆာန်ရုံ ဝန်ထမ်း ၁ ဦးတို့က လိုက်ပါ စောင့်ရှောက်ပေးခဲ့ကြပါတယ်။
ဆင်ကြီးရဲ့ ဘယ်ဖက်လက်မှာ ဒဏ်ရာရှိနေတာကြောင့် လိုအပ်တဲ့ ကုသမှုတွေ ခံယူသွားရဦးမယ်လို့လည်း သိရပါတယ်။
သီရိလင်္ကာရော၊ ထိုင်းပါ ဆင်တွေကို အထွဋ်အမြတ် ထားရတဲ့ သတ္တဝါတွေ အနေနဲ့ သတ်မှတ်ထားကြပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ထိုင်းတော်ဝင် မိသားစုဟာ ဓာတ်တော် မွေတော်တွေ ပင့်ဆောင်ရာမှာ အသုံးပြုနိုင်ဖို့အတွက် မူသူ ရာဂျာ အပါအဝင် ဆင် ၃ ကောင်ကို သီရိလင်္ကာ အစိုးရဆီ လက်ဆောင် ပေးခဲ့ပါတယ်။ အဲဒီထဲမှာမှ မူသူ ရာဂျာက နိုင်ငံတောင်ပိုင်းမှာ ရှိနေတဲ့ ဘုရားကျောင်း တခုမှာ နေထိုင်ခဲ့ရတာပါ။
တိရစ္ဆာန် အခွင့်အရေး စောင့်ရှောက်မှု အဖွဲ့တွေက အဲဒီ ဘုရားကျောင်းမှာရှိတဲ့ သစ်ဆွဲ လုပ်သားတွေက မူသူ ရာဂျာကို သူတို့လုပ်ငန်းတွေမှာ ပြင်းပြင်းထန်ထန် ခိုင်းစေခဲ့ပြီး ကာလရှည်ကြာ မျက်ကွယ်ပြုထားတာကြောင့် လက်ကဒဏ်ရာ ပိုဆိုးသွားတာလို့ စွပ်စွဲထားပါတယ်။
ဘုရားကျောင်းကနေ ဆင်ကြီးကို ပြန်ခေါ်လာချိန်မှာ ဆင်ဦးစီး နှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကိုပါ တွေ့ခဲ့ရပါတယ်။ နိုဝင်ဘာလမှာ ဆင်ကြီးကို သီရိလင်္ကာ အမျိုးသား တိရစ္ဆာန်ဥယျာဉ်ဆီ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာ အများစုကို ကုသပေးနိုင်ခဲ့ပေမယ့် လက်ဒဏ်ရာက အကောင်းပကတိ ပြန်ဖြစ်မလာပါဘူး။ ထိုင်းမှာတော့ ရေကုထုံးလို နည်းလမ်းတွေနဲ့ မူသူ ရာဂျာကို ဆက်လက် စောင့်ရှောက် ကုသပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
Ref: BBC