စစ်ကောင်စီစခန်းနှစ်ခု ဗုံးချတိုက်ခိုက်ခံရပြီးနောက် ပြန်ပစ်လို့ အရပ်သားနှစ်ဦးသေ

ဇူလိုင်၊ ၃
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ နယ်မြေရဲစခန်း နဲ့ ချောင်းနှစ်ခွ တံတား အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။
 
“ တဦးက တံတားနားလောက်မှာပဲ သေနတ်နဲ့ ပစ်ခံရပြီး သေသွားတာ၊ သူက ရဲစခန်း တိုက်ခံရတဲ့ အချိန်လောက်မှာ ဆိုင်ကယ်နဲ့ အဲဒီဘက်ကို ဖြတ်သွားဖို့ လုပ်နေတုန်း၊ သေနတ်နဲ့ လှမ်းပစ်လိုက်လို့ သေသွားတာပါ။ နောက်တယောက်က လက်နက်ကြီးကျလို့ သေသွားတာ၊ လက်နက်ကြီးကျလို့ သေတာက ကလေးပဲ ရှိသေးတယ်။ ရွာဘက်ကပါ ” လို့ ချောင်းနှစ်ခွဒေသခံတဦးက DNA ကို ပြောပါတယ်။
 
လက်နက်ကြီးကျလို့ သေဆုံးသွားတဲ့သူဟာ အသက် ဆယ်နှစ်ဝန်းကျင် ကလေးငယ်တဦးဖြစ်ပြီး နောက်တဦးက အသက် သုံးဆယ်နှစ်ဝန်းကျင်အရွယ် ကိုငြိမ်းချမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
 
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ နယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွတံတား အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဇူလိုင်လ ၂ ရက် နေ့လည်ပိုင်းမှာ Saw Dragon Drone Force နဲ့ Lion Battalin Commando – ဗျူဟာစစ်ကြောင်း၊ တပ်ခွဲ (၄) ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းနဲ့ ဗုံးသီးသုံးလုံးချကာ ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
“ ရဲစခန်းကိုကျတော့ ဗုံးသီးနှစ်လုံးချတယ်၊ အဲဒီအနားမှာရှိတဲ့ ဓါတ်မီးတိုင် သုံးတိုင်လောက် အကွာရှိတဲ့ ချောင်းနှစ်ခွတံတားမှာလည်း သူတို့ တပ်စွဲထားတာ ရှိတယ်လေ၊ အဲမှာက တလုံးချလိုက်တယ်၊ အဲမှာ ရဲစခန်းဘက်မှာပဲ ငါးယောက်လောက်သေတယ်၊ ဒဏ်ရာရတာ ရှိတယ်။ ပြီးတော့ သူတို့ဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ရှိတယ်၊ ဒရုန်းလာရာ လမ်းကြောင်းကို ရမ်းပြီးပစ်တာ ပေါ့နော်၊ ရဲစခန်းကနေပြီးတော့ ” လို့ Saw Dragon Drone Force အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
နယ်မြေရဲစခန်းနဲ့ တံတားလုံခြုံရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက တံတားကို ခေတ္တပိတ်ချလိုက်ပြီး အဲဒီအချိန်မှာ ကိုငြိမ်းချမ်းက ဆိုင်ကယ်မောင်းနှင်လာရာမှာ ရပ်တန့်စစ်ဆေးဖို့ လှမ်းခေါ်ခဲ့ရာ မောင်းနှင်ထွက်ပြေးတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကိုငြိမ်းချမ်းဟာ သေနတ်ပစ်ခံရပြီး သေဆုံးတာမဟုတ်ဘဲ လက်နက်ကြီးကျလို့ သေဆုံးသွားတာဖြစ်တယ်လို့ သတင်းလွှင့်ထားပေမယ့် ဒေသခံတွေအကြားမှာတော့ ကိုငြိမ်းချမ်းက သေနတ်ပစ်ခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
 
ဒါ့အပြင် ကိုငြိမ်းချမ်းရဲ့ ဖခင်ဖြစ်သူဟာ စစ်တပ်ဘက်မှ အငြိမ်းစား ဗိုလ်မှူးကြီး တဦး ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
 
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ နယ်မြေရဲစခန်းမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေနဲ့အတူ စစ်သားတွေပါ အင်အားအများအပြားနဲ့ တပ်စွဲထားတဲ့အပြင် စခန်းအတွင်း လက်နက်ကြီးပါ တပ်ဆင်ထားပြီး အာဏာသိမ်းချိန်ကနေ ယခုအထိ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာဖြစ်ပါတယ်။
 
ဓာတ်ပုံ​ – Saw Dragon Drone Force